News

POST TYPE

LATEST NEWS POST

မန္တလေးတွင် ကလေးများ လွှတ်တော်ခေါ်
21-Nov-2017 tagged as


မန္တလေး၊ နိုဝင်ဘာ ၂၁

ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်နှင့် ကလေးများက လူကြီးများ နေရာသို့ လွှဲပြောင်းယူခြင်းအဖြစ် လွှတ်တော် လုပ်ငန်းစဉ်များကို နိုဝင်ဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းလွှတ်တော်တွင် ကလေးလွှတ်တော်အဖြစ် ခေတ္တပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းလွှတ်တော်ထံမှ သိရသည်။  

ယင်းအစီအစဉ်ကို မန္တလေးတိုင်း လွှတ်တော်နှင့် UNICEF တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။ 

“ယူနီဆက်ကနေပြီး ကလေးတွေ လွှတ်တော် ကျင်းပတဲ့ အခမ်းအနားကို လွှတ်တော်ထဲမှာ ကျင်းပချင်ပါတယ်ဆိုပြီး တောင်းဆိုတဲ့အတွက် ကျွန်တော်တို့ တိုင်းဒေသကြီး လွှတ်တော်နဲ့ ယူနီဆက် ပေါင်းပြီးတော့ ဒီအခမ်းအနား လုပ်ဖြစ်သွားတာပါ။ ကလေးများနေ့ အထိမ်းအမှတ်နေ့မှာ လူကြီးများနေရာကို ကလေးတွေက အစားထိုး နေရာယူတဲ့ပုံစံပေါ့။ လက်တွေ့ဆန်အောင် ပြောရမယ့်စကား၊ အထားအသိုတွေ အလွဲအမှား မရှိအောင် လွှတ်တော်ဘက်က ဆောင်ရွက်ပေးခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။ 

ယင်းအခမ်းအနားတွင် မန္တလေးမြို့တော်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းများ၊ အစိုးရကျောင်းများနှင့် တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ ၅၀ ဦး ခန့်ပါဝင်ခဲ့ပြီး ဥက္ကဋ္ဌနေရာ၊ လွှတ်တော် ကိုယ်စားလှယ်များနေရာ၊ ဝန်ကြီးများနေရာများမှပါဝင်၍ မေးခွန်းများ မေးမြန်းခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးက ဖြေကြားခြင်း၊ အဆိုတင်ခြင်း၊ အဆိုကို ထောက်ခံ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“ခုလို လုပ်ပေးတာ ကောင်းတယ်။ ကလေးတွေအနေနဲ့ လွှတ်တော်ယဉ်ကျေးမှု၊ ဒီမိုကရေစီယဉ်ကျေးမှုကို နီးစပ် အောင်ပြုလုပ်ပေးတဲ့အတွက် ကြိုဆိုပါတယ်”မန္တလေးမြို့ခံ ဦးလင်းလင်းထွန်းက ပြောကြားသည်။

M-05

  • TAGS