News

POST TYPE

LATEST NEWS POST

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့် ပြင်ဆင်မှုကို ဝန်ကြီးဟောင်း ဦးစိုးသိမ်း ကန့်ကွက်
21-Nov-2017 tagged as လွှတ်တော်

နေပြည်တော်၊ နိုဝင်ဘာ ၂၁

သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပြင်ဆင်သတ်မှတ်ခြင်းကို သမ္မတရုံး ဝန်ကြီးဟောင်းဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိမ်းက ကန့်ကွက်လိုက်သည်။

ယင်းကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင်  နာယက မန်းဝင်းခိုင်သန်းက ဖတ်ကြားတင်ပြခဲ့ ခြင်းဖြစ်ပြီး ၎င်းက ထကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဥပဒေကြမ်း ရေးဆွဲခြင်းကို ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှသာ တင်ပြခွင့်ရှိပါတယ်။ အဆိုပါကော်မရှင်အနေနဲ့ ဥပဒေကြမ်းများကို ရေးဆွဲပြုစုခြင်းဟာ သူက ရေးဆွဲလို့မရဘဲနဲ့ အကြံပြုခြင်းသာဖြစ်နိုင်ကြောင်း၊ ဒါကြောင့် ကျွန်တော့်အနေနဲ့ သဘောမတူကြောင်း တင်ပြခြင်းဖြစ်ပါတယ်”ဟု ဦးစိုးသိမ်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်၊ သတ်မှတ်ခဲ့သော တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် ကော်မရှင်သည် တည်ဆဲဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နဲ့ အသစ်ပြဋ္ဌာန်းရန် သင့်သောဥပဒေများကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဟု ပြင်ဆင်ခဲ့ပြီး ပြင်ဆင်ချက်များ အပိုဒ် (ခ) တွင် ယခင်က “ခေတ်ကာလနှင့် လိုက်လျောညီထွေရှိပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးကို ဖြစ်ထွန်းစေမည့် ဥပဒေကြမ်းများကို ရေးဆွဲပြုစု တင်ပြရမည်”ဟု ဖော်ပြထားချက်အား “ခေတ်ကာလနှင့် လိုက်လျောညီထွေရှိပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးကို ဖြစ်ထွန်းစေမည့် ဥပဒေကြမ်းများကို ရေးဆွဲပြုစု၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်”ဟု ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

“မူလပြဋ္ဌာန်းချက်မှာက ဘယ်အဖွဲ့အစည်းကို တင်ပြရမယ် မပါဘူး။ အဲဒီတော့ ပြည်ထောင်စုအဖွဲ့အစည်း မည်သူကိုမဆို တင်ပြနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ယနေ့ ပြင်ဆင်ဖြည့်စွက်လိုက်တာက ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတဲ့အဖွဲ့အစည်းဖြစ်လို့ ပြည်ထောင်စုလွှတ်တော်ကိုပဲ တင်ပြခိုင်းတာ ဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်က ပြန်လည် ရှင်းလင်းပြောဆိုခဲ့သည်။

ယင်းအပြင် အထူးကိစ္စရပ်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအပေါ် အကြောင်းခြင်းရာနှင့် ဥပဒေအမြင်နှိုင်းယှဉ်ကာ လေ့ လာဆန်းစစ်သုံးသပ်ပြီး ပြည်ထောင်စု လွှတ်တော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်း များသို့ အစီရင်ခံတင်ပြရမည်ဟူသော  မူလပြဋ္ဌာန်းချက်ပါ ]နိုင်ငံတော်နှင့် နိုင်ငံ သားများ အကျိုးစီးပွားနှင့်သက်ဆိုင်သော ကိစ္စရပ်များဟူသည့်စာသား”နှင့် “အကြောင်းခြင်းရာ”ဟူသည့်စကားရပ်ကို ပယ်ဖျက်ထားခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“ကော်မရှင်က အကြောင်းခြင်းရာကိစ္စကို နှိုင်းယှဉ်လို့ မရပါဘူး။ ဥပဒေ အခြင်းအရာကိုပဲ နှိုင်းယှဉ်လို့ ရပါတယ်။ ဒီဟာက ပိုပြီးတော့ ကျစ်လျစ်ခိုင်မာရုံတင် မဟုတ်ပါဘူး၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ ပိုပြီးတော့ ဆီလျော်အောင် ပြုစုတင်ပြတယ်လို့ ယူဆပါတယ်”ဟု ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ယင်းအပြင် မူလပြဋ္ဌာန်းချက်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးအတွက် အသိပညာပေးရန်နှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လွှတ်တော်ဥက္ကဋ္ဌများကို တင်ပြရန်ဆိုသည့် အချက်တို့ကိုလည်း ပယ်ဖျက်ထားပြီး ဥပဒေကြမ်းများ ရေးဆွဲရာတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းခွင့်၊ ပူးပေါင်း ဆောင်ရွက်များကိုမူ ဆက်လက်ပေးအပ်ထားကြောင်း ပြင်ဆင်ချက်မိတ္တူတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဝင်ရောက် ရှင်းလင်းချက်ကြောင့် ပြင်ဆင်မှုကို ဦးစိုးသိမ်းအနေနှင့် သဘောတူ လက်ခံကြောင်း ပြောကြားခဲ့ပြီး လွှတ်တော်က သဘောတူကြောင်း နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ် ၁၁ လပိုင်းက ပထမတစ်ကြိမ် ပြင်ဆင်ခဲ့သည်။

S-01