News

POST TYPE

LATEST NEWS POST

ဒုက္ခသည်များ ပြန်ခေါ်ရေး ဘင်္ဂလားဒေ့ရှ်နှင့် အမြန်ဆုံး သဘောတူညီမှုရရန် မျှော်လင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် ဒုက္ခသည်များကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် နှစ်နိုင်ငံ အမြန်ဆုံး သဘောတူညီမှု ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

(၁၃) ကြိမ်မြောက် အာရှ- ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး ၎င်းနှင့်အတူ ဥရောပသမဂ္ဂ အကြီးတန်းအရာရှိ၊ အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီး SVEN MIKSER နှင့် စပိန်နိုင်ငံခြားရေး ဝန်ကြီး Ildefonso Castro တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီဟာကို ဆွေးနွေးနေတာ အခုဆိုရင် တစ်လကျော် နှစ်လလောက် ရှိပါပြီ၊ အခု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးကလည်း ဒီမှာ ရောက်နေတယ်ဆိုတော့ ကျွန်မတို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ သေသေချာချာ ဆွေးနွေးပြီးတော့ အမြန်ဆုံးတော့ နားလည်မှု ရနိုင်မယ်၊ သဘောတူညီမှု ရနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ဥရောပသမဂ္ဂအဖွဲ့သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံး ရပ်တန့်ပေးရန် မြန်မာအစိုးရကို တောင်းဆိုထားပြီး မြန်မာတပ်မတော်က ဥပဒေမဲ့ လုပ်ဆောင်ချက်များရှိသည်ဟု စွပ်စွဲပြောကြားထားသည်။

ယင်းကဲ့သို့ တပ်မတော်အပေါ် စွပ်စွဲထားမှုသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိကို မပြောကြားနိုင်သော်လည်း ယင်းကဲ့သို့ မဖြစ်နိုင်ရေး ထိန်းသိမ်းရန် နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးမှုကို နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးမည် ဖြစ်သည်။

“ဒီဆွေးနွေးမှုကနေ MoU တစ်ရပ် အမြန်ဆုံး လက်မှတ်ထိုးနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ အဲဒီ သဘောတူညီချက်ရမှလည်း တစ်ဖက်နိုင်ငံဘက် ထွက်ပြေးသွားသူတွေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရေး ကျွန်မတို့ စလုပ်ပေးလို့ ရနိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် အားလုံး ဝိုင်းဝန်းထိန်းသိမ်းသွားမည်ဖြစ်ပြီး လတ်တလောတွင်မူ အကြမ်းဖက်မှုများ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောသည်။

(၁၄) ကြိမ်မြောက် အာရှ- ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နေပြည်တော် MICC 1 တွင် ၁၇ ရက်မှ ၂၁ ရက်အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့ပြီး နောက်တစ်ကြိမ် ကျရောက်မည့် ၁၄ ကြိမ်မြောက် အစည်းအဝေးကို စပိန်နိုင်ငံတွင် ပြုလုပ်သွားမည် ဖြစ်သည်။

S-01