News

POST TYPE

LATEST NEWS POST

ရွှေ့ပြောင်း အလုပ်သမားရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများကို ငါးရက်ကြာ သင်တန်းပေး
ရန်ကုန်၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံ၏ ရွှေ့ပြောင်း အလုပ်သမားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းများကို ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ ဥပဒေများ၊ အခွင့်အရေးများ အသိပညာ ဖြန့်ဝေခြင်း သင်တန်းကို မဲခေါင် ရွှေ့ပြောင်း အလုပ်သမား ကွန်ရက်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း ပြုလုပ်နေကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

ပဲခူး၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်၊ ရန်ကုန် စသည့် ဒေသများမှ ရွှေ့ပြောင်း အလုပ်သမားရေးရာများတွင် ဆောင်ရွက်နေသော အရပ်ဘက် အဖွဲ့အစည်းများကို သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ ဒိုင်းမွန်း ကွန်ဒိုတွင် အသိပညာပေး ဖြန့်ဝေမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရွှေ့ပြောင်း အလုပ်သမားရေး ကိစ္စရပ်များ ဖြေရှင်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးများကို ဆုံးရှုံးမှု မရှိစေရန်နှင့် ကူညီ ဆောင်ရွက်မှု ပေးရာတွင် ပိုမို ထိရောက်မှု ရှိစေရန် အဓိက သင်တန်းပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အလုပ်သမားရေးရာ ဌာနမှ တာဝန်ရှိသူက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ မူဝါဒတွေ၊ နိုင်ငံတကာရေးရာမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားရေးရာ မူဘောင်တွေကို ဆွေးနွေးခဲ့တယ်။ အဓိက ကတော့ Knowledge Share လုပ်တဲ့ သဘောပါ”ဟု အဆိုပါ သင်တန်းတွင် ပါဝင်ခဲ့သူ ILO မှ တာဝန်ရှိသူ တစ်ဦး ကဆိုသည်။

မြန်မာ အပါအဝင် မဲခေါင်မြစ်ဝှမ်း ဒေသ ရွှေ့ပြောင်း အလုပ်သမားများ အကြား အခြေခံ ပြဿနာများ တူညီလျက်ရှိပြီး ရွှေ့ပြောင်း အလုပ်သမားများ၏ အဓိက ပြဿနာများမှာ အလုပ် လုပ်ကိုင်ရသော နေရာ ကွဲလွဲမှု ရှိခြင်း၊ လုပ်ခလစာ ရရှိမှု မညီမျှခြင်းနှင့် တရားမဝင် လုပ်သားစေလွှတ်ခံရခြင်း၊ စုဆောင်း ခံရခြင်းနှင့် လူကုန် ကူးခံရခြင်းများ ဖြစ်သည်။