News

POST TYPE

LATEST NEWS POST

ဆရာတော် ဦးပါမောက္ခကို ထောင်ဒဏ်တစ်လ အမိန့်ချ
21-Nov-2017 tagged as ရန်ကုန်


ရန်ကုန်၊ နိုဝင်ဘာ ၂၀ 

လူဝတ်လဲ ဖမ်းဆီးခြင်းခံရသော  မကွေးကျောင်း ဆရာတော် ဦးပါမောက္ခကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ကမာရွတ်မြို့နယ် တရားရုံးက   နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် တစ်လ အမိန့်ချမှတ်ခဲ့သည်။

၂၀၁၆ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဟု သုံးနှုန်း ဖော်ပြခဲ့မှုအပေါ် ကန့်ကွက်ကြောင်း လှည်းတန်း လမ်းဆုံအနီးမှ အမေရိကန် သံရုံးရှေ့အထိ ခွင့်ပြုချက်မရှိဘဲ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆိုကာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ဆရာတော် ဦးပါမောက္ခ၊ ဆရာတော် ဦးညာဏဓမ္မ၊ ဦးသုစိတ္တ၊ ဦးဝင်းကိုကိုလတ်၊ ဦးနောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ ဦးနေဝင်းအောင်နှင့် ဦးသက်မျိုးဦးတို့ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“ခွင့်ပြုချက်တင်တယ်၊ မပေးဘူးဆိုတာ သံရုံး၊ သံတမန်ရုံးတွေက ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက် ပေးမထားဘူး၊ အဲဒါကြောင့် ဗိုလ်စိန်မှန်ကွင်းကို ခွင့်ပြုပေးထားတယ်၊ ပထမ တင်ထားတာက ဗိုလ်စိန်မှာခွင့်ပြုပြီးပြီ၊ အဲဒီနေရာမှာ သွားလုပ်ရမှာ၊ ဒါပေမဲ့ ခွင့်ပြုပေးတဲ့နေရာမှာ မလုပ်ဘဲ သူတို့တင်တဲ့နေရာမှာပဲ ဆက်လုပ်တယ်ဆိုတော့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်တယ်လို့ အဓိပ္ပာယ် သက်ရောက်သွားတယ်”ဟု ယင်း ငြိမ်းစုစီပုဒ်မ ၁၉ ၏အနက် အဓိပ္ပာယ် သက်ရောက်မှုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းဆန္ဒထုတ်ဖော်ရာတွင် နိုင်ငံတော်အစိုးရကို အကြည်အညို ပျက်စေရန် ဟောပြောခြင်းများ ပါရှိသည်ဟုဆိုကာ ကမာရွတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ရာ ငြိမ်းစုစီ ဥပဒေအရ ထောင်ဒဏ် ချမှတ်ခံရသော ဆရာတော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် နိုဝင်ဘာလ ၂၈ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

ယင်းအမှုမှ ဆရာတော် ဦးညာဏဓမ္မ၊ ဦးသုစိတ္တတို့မှာ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ လူပုဂ္ဂိုလ်များဖြစ်သည့် ဦးဝင်းကိုကိုလတ်၊ ဦးနောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ ဦးနေဝင်းအောင်နှင့် ဦးသက်မျိုးဦးတို့ကို စက်တင်ဘာလ ၂၈ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၆ လ၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အရ အလုပ်နှင့်ထောင်ဒဏ် တစ်လကျ ခံစေရန် အမိန့်ချမှတ်ထားသည်။

J-16