News

POST TYPE

LATEST NEWS POST

ရှစ်လေးလုံး သမိုင်းပြတိုက် သုံးနှစ်အတွင်း တည်ဆောက်မည်
20-Nov-2017 tagged as ရန်ကုန်

ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ) အတွင်းရှိ ဓာတ်ပုံမှတ်တမ်းများကို ကြည့်ရှုနေသူတစ်ဦး၊
ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရှစ်လေးလုံး သမိုင်းပြတိုက်ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့ ပူးပေါင်းကာ သုံးနှစ်အတွင်း တည် ဆောက်ရန် သဘောတူထားကြောင်း ရှစ်လေးလုံးယာယီပြတိုက် တာဝန်ခံ ဦးအောင်မော်က ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းနှင့် ၈၈ ပွင့်လင်းမှ ရှစ်လေးလုံးပြတိုက် (ယာယီ) တာဝန်ခံအဖွဲ့တို့ နိုဝင်ဘာလ ၁၇ ရက်က တွေ့ဆုံစဉ် သဘောတူခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံ ဆောက်လုပ်ရန် ဝန်ကြီးချုပ်က ရန်ကုန်တိုင်းအတွင်းရှိ ပေတစ်ရာပတ်လည်ရှိ မြေကွက်ကို ပေးမည်ဖြစ်သည့်အပြင် ဆောက်လုပ်မည့် ကုန်ကျစရိတ်အတွက်လည်း ငွေရှာပေးမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ကြောင်း ဦးအောင်မော်က ပြောကြားသည်။

ဆောက်လုပ်မည့် မြေနေရာရပါက ၂၀၁၈ ခုနှစ်တွင် ကျရောက်မည့် ရှစ်လေးလုံး အရေးတော်ပုံ နှစ်သုံးဆယ်ပြည့် အခမ်းအနားတွင် အုတ်မြစ်ချကာ သုံးနှစ်အတွင်း ဆောက်လုပ်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ဦးအောင်မော်က ပြောဆိုသည်။

မူလက မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ထုတ်ကုန်သွင်းကုန် MEIC အဆောက်အအုံကို စာချုပ်စာတမ်းကိစ္စရပ်များ ရှင်းလင်းပြီးစီးပါက ရှစ်လေးလုံး သမိုင်းပြတိုက်အဖြစ် အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားသည်။

သို့သော် ယင်းအဆောက်အအုံမှာ စာချုပ်စာတမ်းများ ငှားရမ်းထားမှု အခြေအနေများကြောင့် ရရှိရန် သေချာမှု မရှိကြောင်း ဦးအောင်မော်က ပြောဆိုသည်။

လက်ရှိ ယာယီပြတိုက် ပြုလုပ်ထားသည့်နေရာကို ၈၈ ငြိမ်းပွင့်က တစ်လ ခုနစ်သိန်းဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၃၁ ရက်တွင် စာချုပ် သက်တမ်းပြည့်ပြီဖြစ်သောကြောင့် ယာယီ မြေနေရာတစ်ခုကိုပေးရန် ဦးဖြိုးမင်းသိန်းထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရှစ်လေးလုံး သမိုင်းပြတိုက် (ယာယီ) ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးအနီး ဖွင့်လှစ်ထားပြီး ရှစ်လေးလုံးကာလက မှတ်တမ်း ဓာတ်ပုံများနှင့် စာပုံနှိပ်စက် အဟောင်းတစ်လုံးတို့ကို ပြသထားသည်။

J-08