News

POST TYPE

LATEST NEWS POST

ကျောက်ပန်းတောင်းတွင် နှစ် ၂၀ဝ သက်တမ်းရှိ ရှေးဟောင်း ဆင်းတုတော်များ တူးဖော်တွေ့ရှိ
20-Nov-2017 tagged as


မိတ္ထီလာ၊ နိုဝင်ဘာ ၁၉

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်ရှိ မြတ်ရွှေဂူဘုရားဝင်းအတွင်းရှိ ချုံနွယ်များကိုရှင်းရာမှ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်းက ရှေးဟောင်းကျောက်ဆင်းတု နှစ်ဆူနှင့် ရွှေချထားသော ဘုရားခြေတော်ရာတစ်ဆူ တူးဖော်တွေ့ရှိခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့နှင့် ဒေသခံများထံမှ စုံစမ်းသိရှိသည်။

“ဒီမှာ ကျိုးကျနေတဲ့ တန်ဆောင်း ပြာသာဒ်က ရှိတာကြာနေပြီ။ ဘုရားပွဲနီး လာတော့ သန့်ရှင်းရေးလုပ်ရင်းနဲ့ ဒီထဲမှာ  ရှေးဟောင်းဘုရားတစ်ခုခု ရှိမှာပဲဆိုပြီး  တူးကြည့်လိုက်တာ၊ တူးကြည့်လိုက်တော့ ကျောက်ဆင်းတု နှစ်ဆူရယ် သရိုးကိုင်ထားတဲ့ ယွန်းဆင်းတု သုံးဆူတွေ့တယ်။ သရိုးဆင်းတုတွေက ဘုရားရဲ့ ဦးခေါင်းတော်ပဲရတယ်။ ကျန်တာတွေက ခြစားပြီး ပျက်စီးနေပြီ။ အဲဒီကနေ ဆက်တူးလိုက်တော့ ဘုရားရဲ့ ဘယ်ခြေတော်ရာ ထွင်းထုထားတဲ့ ကျောက်ပြားကို တွေ့ရပါတယ်”ဟု ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမောင်က ပြောကြားသည်။

တူးဖော်ရရှိသော ဆင်းတုတော်များမှာ ဉာဏ်တော်အမြင့် နှစ်ပေနှင့် တစ်ပေခွဲ ဝန်းကျင်ခန့်စီရှိပြီး ခြေတော်ရာမှာ အလျားငါးပေ အနံနှစ်ပေ ဝန်းကျင်ရှိကြောင်း၊ တွေ့ရှိရသော အနေအထားအရ ခြေတော်ရာ၏ ခေါင်းရင်းဘက်တွင် ပလ္လင်ပုံစံရှိပြီး ပလ္လင်ပေါ်တွင် ဆင်းတုတော်များကို တွေ့ရကြောင်း၊ မူလမြတ်ရွှေဂူဘုရား၏ သက်တမ်းသည် နှစ်၂၀ဝ ကျော်ခန့်ရှိကြောင်း၊ မြတ်ရွှေဂူဘုရား၌ မူလက ရှိနှင့်ပြီးသော ဆင်းတုတစ်ဆူ၏ ကမ္ပည်းမှတ်တမ်းကို ကြေးပြားပေါ်တွင် ရေးထိုးထားသောကြောင့် ရှေးဟောင်း သုတေသန ဌာနသို့ပြခဲ့ရာ အင်းဝခေတ်လက်ရာဟု သတ်မှတ်ပေးကြောင်း၊ သို့ဖြစ်၍ ယခုတူးဖော်ရရှိသော ဘုရားများမှာ အင်းဝခေတ် လက်ရာများဟု ခန့်မှန်းကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် မြတ်ရွှေဂူဘုရားသည် ဘုရားဖူးများနှင့် စည်ကားလျက်ရှိသောကြောင့် တူးဖော်ရရှိထားသော ဘုရားများကို နေ့၊ ည အစောင့်အရှောက်များဖြင့် ထားရှိကြောင်း၊ ဘုရားဝင်းအတွင်း တူးဖော်ရေး အလုပ်များ ဆက်လုပ်မည်မဟုတ်ဘဲ သန့်ရှင်းရေး လုပ်ငန်းများသာ ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ တူးဖော်ရရှိသော ဆင်းတုတော်များနှင့် ပတ်သက်၍ ဩဝါဒါစရိယ ဆရာတော်များ၏ မိန့်ကြားချက်အတိုင်း စီမံဆောင်ရွက်မည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က ပြောဆိုသည်။

R-01

  • TAGS