News

POST TYPE

LATEST NEWS POST

ကျိုက်ထီးရိုး ကေဘယ်လ် ရထားခ ကျပ် ၃၀ဝ၀ သတ်မှတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် ပြေးဆွဲမည့် ကျိုက်ထီးရိုး ကေဘယ်လ် ရထားစီမံကိန်းသည် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာ ဒုတိယပတ်တွင် စတင် ပြေးဆွဲနိုင်မည်ဖြစ်ရာ ယာဉ်စီးခကို ကနဦး တစ်ဦးလျှင် ကျပ် ၃၀ဝ၀ သတ်မှတ်ထားကြောင်း Sky Asia Co.,Ltd. ၏  စီမံကိန်းအထူး အကြံပေး ဦးမျိုးဝေက ပြောကြားသည်။

ကေဘယ်လ်ရထားကို နိုဝင်ဘာလ တစ်လလုံး စမ်းသပ် ပြေးဆွဲချိန်တွင် မွန်ပြည်နယ် စက်မှုကြီးကြပ်အဖွဲ့က စစ်ဆေးခဲ့ကြောင်း၊ ဒီဇင်ဘာ ဒုတိယပတ်တွင် ခရီးသည်များက ရထားတွဲများကို စတင် စီးနင်းနိုင်မည်ဖြစ်သဖြင့် စီးနင်းခမှာ ပြည်တွင်းခရီးသည် ၃၀ဝ၀ ကျပ်၊ ပြည်ပ ခရီးသွားများအတွက် တစ်ဦးလျှင် အမေရိကန် ငါးဒေါ်လာ ကနဦး သတ်မှတ်ကြောင်း၊ အာမခံ လုပ်ငန်းများ ဆောင်ရွက်နေမှုကြောင့် စီးနှင်းခ အတိအကျကို နိုဝင်ဘာလကုန်တွင် သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“နိုဝင်ဘာတစ်လလုံးကို စမ်းသပ်ကာလအဖြစ် သတ်မှတ်လိုက်တယ်။ ပထမက အလွတ် ပြေးဆွဲတယ်။ နောက်တော့ လူရှစ်ယောက်ရဲ့ အလေးချိန်နဲ့ ညီမျှတဲ့ သဲအိတ်တွေနဲ့ စမ်းသပ် မောင်းနှင်တယ်။ တတိယအဆင့်က ကုမ္ပဏီကလူတွေနဲ့ ကိုရီးယားနဲ့ ပြင်သစ်ပညာရှင်တွေ ကိုယ်တိုင် စမ်းသပ်မောင်းနှင်တာတွေကို ဒီတစ်လလုံး လုပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ကျိုက်ထီးရိုးကေဘယ်လ် ကောင်းကင်ရထား စီမံကိန်းကို ရသေ့တောင် တောင်ခြေမှ ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အထိ အရှည်ပေ ၂၉၀ဝ ခန့်ကို ရထားတွဲ ၄၃ တွဲဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း၊ တစ်တွဲလျှင် လူ ရှစ်ယောက် စီးနင်းနိုင်ပြီး ကြာမြင့်ချိန် ၁၀ မိနစ်ခန့် ကြာမြင့်နိုင်မည် ဖြစ်ကြောင်း စီမံကိန်း တာဝန်ရှိသူများထံမှ သိရသည်။

“တစ်နေ့ကို ကျွန်တော်တို့ လူ ၂ သောင်းကျော်လောက် အတက်အဆင်း လုပ်ပေးနိုင်မယ်။ ကြာချိန်ကတော့ ရသေ့တောင်ကနေ ဘုရားပေါ်ကို ၈ မိနစ်ကနေ ၁၅ မိနစ်ကြား ဖြစ်မှာပါ။ ခရီးသည်များ ရင်များသလို ဂီယာချိန်းပြီး ကျွန်တော်တို့ လည်ပတ်သွားမှာပါ”ဟု ကေဘယ်လ်ကား တည်ဆောက်ရေး ကုမ္ပဏီဖြစ်သည့် Jewel Golden Elephant Construction Co.,Ltd. ကိုနောင်ရဲအောင်က ဆိုသည်။

ပြည်တွင်းမှ ပညာရှင်များကလည်း ကေဘယ်နှင့် ပတ်သက်သည့် အတွေ့အကြုံ မရှိသည့်အတွက် ပြည်ပမှ ပညာရှင်များ၊ ပစ္စည်းများ၊ နည်းပညာများ ရယူထားရကြောင်း၊ ထိုကေဘယ်လ်ကား စီမံကိန်းအတွက် ဒေါ်လာသန်း ၂၀ ကုန်ကျကြောင်း Jewel Golden Elephant Construction Co.,Ltd. ထံမှ သိရသည်။

ကျိုက်ထီးရိုး ကေဘယ်စီမံကိန်းကို ယခင်အစိုးရလက်ထက် မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနထံမှ ကျိုက်ထီးရိုးတောရိုင်း ဘေးမဲ့တော နယ်မြေအတွင်းရှိ နယ်မြေဧက ၁၅ ဧကနီးပါးကို နှစ် ၅၀ စာချုပ် ချုပ်ဆိုကာ ငှားရမ်းပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ထို့ပြင် စီမံကိန်းအတွက် ငှားရမ်းထားသည့် သစ်တော ဧရိယာအတွင်း ခုတ်လဲခဲ့သည့် သစ်ပင် ၁၇ ပင်အစား စီမံကိန်း ဧရိယာအပြင် အခြားသော နေရာများတွင် အပင် တစ်ထောင်ကျော်ကို ပြန်လည် စိုက်ပျိုးပေးခဲ့ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားထားသည်။

ကျိုက်ထီးရိုး ကေဘယ်လ်ရထား စီမံကိန်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်က စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

J-09, R-21