News

POST TYPE

LATEST NEWS POST

အာရှ - ဥရောပ နိုင်ငံ ၅၀ ကျော်မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်မည့် ASEM ဆွေးနွေးပွဲ နေပြည်တော်တွင် ယနေ့ ကျင်းပမည်
19-Nov-2017 tagged as

ရန်ကုန်၊ နိုဝင်ဘာ ၁၉

အာရှ-ဥရောပနိုင်ငံခြားရေး ဝန်ကြီးများ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံ မြို့တော် နေပြည်တော်တွင် ယနေ့ စတင်ကျင်းပမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂကောင်စီ(နဃ) က သတင်းထုတ်ပြန်သည်။ 

ယင်းဆွေးနွေးပွဲသည် အာရှ-ဥရောပ ဆွေးနွေးပွဲ (ASEM)၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပခြင်းဖြစ်ပြီး နေပြည်တော် တွင် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်သည်။ 

ဆွေးနွေးပွဲတက်ရောက်မည့် အီးယူ ကိုယ်စားလှယ်အဖွဲ့ကို ဥရောပသမဂ္ဂ၊ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ မဟာမင်းကြီး ဖာဒရီကာမိုဟာရီနီက ဦးဆောင်မည်ဖြစ်သည်။ 

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မည့် နိုင်ငံခြားရေး ဝန်ကြီးများအနေနှင့် အာရှနှင့် ဥရောပဒေသတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုကြီးများဖြစ်သောလုံခြုံရေး၊ ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ ချမှတ်ရေး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံချိတ်ဆက်နိုင်ရေးစသည်တို့ကို အလေးထားဆွေးနွေးမည် ဖြစ်သည်ဟု ဥရောပကောင်စီက ဆိုသည်။ 

ထို့ပြင် လာမည့် ၂၀၁၈ ခုနှစ်၊ ဘယ်လ် ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ယင်းအစိုးရက ဦးစီးကျင်းပမည့် ၁၂ ကြိမ်မြောက် ASEM ထိပ်သီး ဆွေးနွေးပွဲအတွက် ပြင်ဆင်ရမည့် ကိစ္စရပ်များကိုလည်း ယခု ဆွေးနွေးပွဲ၌ စတင်ဆွေးနွေးကြမည်ဖြစ်သည်။
 
ASEM ထိပ်သီး ဆွေးနွေးပွဲသည် အာရှနှင့် ဥရောပဒေသအကြား ဒိုင်ယာလော့ခ်နှင့် ပူးပေါင်း ဆောင်ရွက်မှုများဆိုင်ရာ ဖိုရမ်အဖြစ် ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အဓိက ဦးတည်ချက်မှာယင်း ဒေသကြီးနှစ်ခုအကြား ဆက်ဆံရေး ပိုမိုအားကောင်းလာရန်ဖြစ်သည်။ 

ASEM တွင် အီးယူနှင့် ဥရောပနိုင်ငံ ၃၀၊ အာရှနိုင်ငံ ၂၁ နိုင်ငံ အပါအဝင် အဖွဲ့ဝင် ၅၃ နိုင်ငံရှိပြီး ထိပ်သီးဆွေးနွေးပွဲကိုမူ အာရှနှင့် ဥရောပဒေသတို့တွင် တစ်လှည့်စီ သဘောဖြင့် ၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။

F-01

  • TAGS