News

POST TYPE

LATEST NEWS POST

နာရေးအိမ်မှ ညီအစ်ကိုနှစ်ဦး ဓားထိုးခံရ၊ အစ်ကိုဖြစ်သူ သေဆုံး
19-Nov-2017 tagged as ဓားထိုးမှု

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ဒဂုံအရှေ့မြို့နယ်၊ (၁၅၆) ရပ်ကွက်ရှိ နာရေးအိမ်တွင် အမျိုးသားတစ်ဦးက နာရေးအိမ်မှ ညီအစ်ကို နှစ်ဦးကို ဓားဖြင့် ထိုးခဲ့သောကြောင့် အစ်ကိုဖြစ်သူ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၆ ရက် နံနက် ၃ နာရီ ဝန်းကျင်က (၁၅၆) ရပ်ကွက်၊ စိန်ရတနာ လမ်းရှိ နာရေးအိမ်တွင် အသက် ၂၄ နှစ် မင်းမင်းဦး(ခ) ဂြိုဟ်သား(ခ) ပေသီးက ခွေး ခေါ်ဆောင်လာပြီး နာရေးအိမ်ပေါ်တက်ခဲ့သောကြောင့် အိမ်ရှင် ကိုမောင်မောင်လွင်က တားဆီးခဲ့ရာ နောက်တစ်ခေါက် ထပ်မံ ခေါ်ဆောင်လာသဖြင့် အိမ်ရှင်ဖြစ်သူ ကိုမောင်မောင်လွင်က ပလတ်စတစ်ခုံနှင့် ခွေးကို ပစ်ပေါက်ရာမှ ၎င်းတို့နှစ်ဦး စကားများရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်ခဲ့ကြသည်။

“ဖအေဖြစ်သူ နာရေးရက်လည် ကိစ္စကို မိသားစုတွေထိုင်ပြီး ဆွေးနွေးတိုင်ပင်နေချိန်မှာ တစ်ရပ်ကွက်တည်း နေထိုင်တဲ့ ဂြိုဟ်သားက သူ့ခွေးကို အိမ်ပေါ် ခေါ်လာတာ။ အိမ်ရှင်က ခေါ်မလာဖို့ တားတော့ ပြန်သွားတယ်။ ဓားယူပြီး နောက်တစ်ခေါက် ထပ်ပြန်လာရာက လူသတ်မှုဖြစ်တာ။ ပြစ်မှုကျူးလွန်သူကို ဖမ်းမိထားတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ယင်းသို့ လုံးထွေး သတ်ပုတ်နေစဉ် နာရေးအိမ်မှ အစ်ကိုအကြီးဆုံးဖြစ်သူ ကိုစန်းလွင်က ဝင်ရောက် ဖျန်ဖြေခဲ့ရာ မင်းမင်းဦး (ခ) ဂြိုဟ်သား (ခ) ပေသီးက အသင့်ယူလာသည့် ခေါက်ဓားဖြင့် နာရေးအိမ်မှ ညီအစ်ကို နှစ်ဦးကို ထိုးခဲ့သောကြောင့် ကိုစန်းလွင်မှာ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

“ဒဏ်ရာရတဲ့ ညီဖြစ်သူရဲ့ အခြေအနေကတော့ သိပ်မစိုးရိမ်ရတော့ဘူး။ ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်တဲ့နေ့ ည ၁၀ နာရီလောက်မှာ ဖမ်းမိခဲ့တယ်”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ အမှုမှ ပြစ်မှုကျူးလွန်သူ မင်းမင်းဦး (ခ) ဂြိုဟ်သား (ခ) ပေသီးကို ဒဂုံအရှေ့ မြို့မရဲစခန်းက (ပ) ၁၀၇၂ / ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ ဖြင့်အမှုဖွင့် အရေးယူထားသည်။

S-03