News

POST TYPE

LATEST NEWS POST

ဆော်ဒီတွင် ဖမ်းဆီးခံထားရသည်ဟု သတင်းထွက်ခဲ့သော လက်ဘနွန်ဝန်ကြီးချုပ် ဟာရီရီ ပြင်သစ်သို့ထွက်ခွာ
19-Nov-2017 tagged as


ဘေရွတ်၊ နိုဝင်ဘာ ၁၈

ဆော်ဒီအာရေဗျနိုင်ငံတွင် ထိန်းသိမ်းခံထားရသည်ဟု သတင်းထွက်ပေါ်နေသော လက်ဘနွန်ဝန်ကြီးချုပ် ဆာအိဟာရီရီသည် ဆော်ဒီနိုင်ငံမှ ပြင်သစ်နိုင်ငံသို့ ထွက်သွားပြီဖြစ်သည်ဟု ဟာရီရီ၏ မိသားစု ပိုင်ဆိုင်သော ရုပ်သံသတင်းဌာနက ထုတ်ပြန်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

မစ္စတာဟာရီရီက ၎င်းသည် ပင်လယ်ကွေ့ဘုရင်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည် ဟူသောသတင်းများကို မဟုတ် မမှန်ကြောင်း ငြင်းဆိုပြီးနောက် ပြင်သစ်သို့ ထွက်သွားခြင်းဖြစ်သည်။ 

Twitter အကောင့်တွင် ဟာရီရီက “အဲဒါတွေဟာ အလိမ်အညာတွေပါ”ဟု ရေးသားဖော်ပြသည်။ 

မစ္စတာဟာရီရီသည် ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်ဒ်မြို့သို့ နိုဝင်ဘာလ ၄ ရက်နေ့က သွားရောက် လည်ပတ်ခဲ့စဉ် အမှတ်မထင် လက်ဘနွန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့သည်။ 

မစ္စတာဟာရီရီကို ဆော်ဒီအာရေဗျက ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ဆော်ဒီက ဘာလင်အခြေစိုက် သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့သည်။

လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဇစ်ဂ်မာ ဂါဘရီယယ်က ဟာရီရီသည် ဆော်ဒီတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းဖြစ်သည်ဟု အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ 

“ဂျာမနီနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်ကြီးကို ပြန်လည် ခေါ်ယူရန် ဆုံးဖြတ်လိုက်သည်။ ဆော်ဒီအနေနှင့် ယခုလို မျှတမှန်ကန်မှု မရှိသော ပြောဆိုမှုများနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း ရေးသားထားသည့် စာတစ်စောင်ကို ရီယတ်ဒ် အခြေစိုက် ဂျာမနီသံအမတ်ကြီးထံ ပေးပို့မည်ဖြစ်သည်”ဟု ဆော်ဒီအာရေဗျ နိုင်ငံပိုင် SPA က သတင်းကြေညာသည်။

“မစ္စတာ ဟာရီရီသည် ၎င်း၏ဇနီးနှင့်အတူ ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် (ပဲရစ်အနီး)ရှိ Le Bourget လေဆိပ်သို့ ထွက်ခွာသွားပြီဖြစ်သ”ဟု Future TV ရုပ်သံက သတင်းထုတ်လွှင့်သည်။ 

မစ္စတာ ဟာရီရီအနေနှင့် ပြင်သစ်သမ္မတ အီမက်နျူရယ် မက်ခရွန်နှင့် တွေ့ဆုံပြီးနောက် အခြား အာရပ်နိုင်ငံများသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း၊ ထိုနောက်တွင်မှ လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်သို့ ပြန်ဖွယ်ရှိကြောင်း သတင်းက ဆိုသည်။ 

F-01

  • TAGS