News

POST TYPE

LATEST NEWS POST

၁၉၇၃ ခုနှစ် ဂရိစစ်အစိုးရ ဆန့်ကျင်ရေး ကျောင်းသားဆန္ဒပြပွဲ အထိမ်းအမှတ်ပွဲတွင် ရဲနှင့်လူငယ်များ ပဋိပက္ခဖြစ်
19-Nov-2017 tagged as


အေသင်၊ နိုဝင်ဘာ ၁၈

၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဂရိ စစ်အစိုးရ ဆန့်ကျင်ရေးကျောင်းသား ဆန္ဒပြပွဲ အထိမ်းအမှတ်ပွဲတွင် ရဲများနှင့် လူငယ်များ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၇ နှစ်တာ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သည့် စစ်တပ်ကို အမေရိကန် ပြည်ထောင်စု အကူအညီ ပေးခဲ့သည်ဟု ဂရိနိုင်ငံသားအချို့က ယုံကြည်ခဲ့သဖြင့် အေသင်မြို့တော်ရှိ အမေရိကန်သံရုံးရှေ့တွင် လူပေါင်း ၁၀,ဝ၀ဝ ကျော် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့သည်။

ယင်းကဲ့သို့သော ဆန္ဒပြမှုများကို ကိုင်တွယ်နိုင်ရန် ဂရိရဲတပ်ဖွဲ့ဝင် ၅၀ဝ၀ ခန့်ကို အေသင်မြို့လယ် လမ်းမများတွင် နေရာချထားရသည်။

သို့သော်လည်း အေသင်မြို့လယ် အီချာရီယာဒေသ အရောက်တွင် ရဲများကို ချီတက်မှု အဆုံးပိုင်းတွင် ပါလာသည့် မျက်နှာဖုံး ဝတ်ဆင်ထားသည့် လူငယ်များက  ကျောက်တုံးများ၊ ဓာတ်ဆီဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။

၁၉၇၃ ခုနှစ် ဆန္ဒပြပွဲတွင်း သေဆုံးခဲ့သည့် ကျောင်းသားများ အထိမ်းအမှတ် ပန်းခြင်းများကိုလည်း သောကြာနေ့ အစောပိုင်းတွင် အေသင်ပေါ်လီတက်ကနစ် တက္ကသိုလ်တွင် ချထားခဲ့သည်။

သို့သော်လည်း နှစ်စဉ် ကျင်းပမြဲဖြစ်သည့် စစ်အာဏာရှင် ဆန့်ကျင်ပွဲ အထိမ်းအမှတ် ပွဲများသည် အစိုးရမူဝါဒ ဆန့်ကျင်ရေး ဗဟိုချက်အဖြစ်သို့ မကြာခဏ ကူးပြောင်းလာလျက်ရှိသည်။

လက်ရှိတွင် ကြွေးရှင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အလိုကျ အသုံးစရိတ် ချွေတာရေး မူဝါဒများကို ချမှတ်ထားခြင်းကိုလည်း ဂရိနိုင်ငံသားများက လိုလားခြင်းမရှိပေ။

“ဘယ်ပင်စင်စားမှ ထောက်ပံ့ကြေး မပေးဘဲ မနေရဘူး။ ငါတို့ လွတ်လပ်စွာ နေမယ်”ဟု ရေးသားထားသည့် စာတန်းများကို ဆန္ဒပြသမားများ ကိုင်ဆောင် ချီတက်ခဲ့သည်။

ဂရိနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ ငွေကြေးကူညီမှု ၂၀၁၈ ခုနစ် ဩဂုတ်လတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သဖြင့် ယင်းအချိန်နောက်ပိုင်းတွင် ကြွေးရှင်နိုင်ငံများ၏ စောင့်ကြည့်စီမံမှုမှ ကင်းလွှတ်လာလိမ့်မည်ဟု ဂရိနိုင်ငံသားများက မျှော်လင့်လျက် ရှိသည်။

F-05

  • TAGS