News

POST TYPE

LATEST NEWS POST

ဂျပန်တက္ကသိုလ်မှ ပညာရှင်များ ပုဂံဘုရား နှစ်ဆူကို အသေးစိတ် မှတ်တမ်းတင်

မန္တလေး၊ နိုဝင်ဘာ ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် ဘုရားနှစ်ဆူကို ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ ပညာရှင်များက အသေးစိတ် မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

အဆိုပါပညာရှင်များသည် စိမ်းညက် ညီအစ်မဘုရားနှင့် ဂူပြောက်ကြီးဘုရားတို့ ငလျင်ဒဏ်ကြောင့် ပျက်စီးမှု အခြေအနေနှင့် အက်ကြောင်းများ စသည်တို့ကို အသေးစိတ် ဓာတ်ပုံမှတ်တမ်း တင်နေခြင်းဖြစ်ကြောင်း၊ ပျက်စီးမှုများကို ထိန်းသိမ်းရာတွင် ပြုလုပ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန် မှတ်တမ်း ရယူနေခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) မှ ဒုတိယ ညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

ယင်းအပြင် ထိုင်းနိုင်ငံ Thamasat University မှ အဖွဲ့အစည်းများနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတို့ ပူးပေါင်းကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားပုထိုးများမှ နံရံဆေးရေး ပန်းချီများကိုလည်း 3D Laser Scanning ပြုလုပ်ခြင်းနှင့် ကောင်းကင်ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၃၈၉ ခန့် ထိခိုက်ပျက်စီးခဲ့ရာ ငလျင်လှုပ်ပြီးချိန်ကစ၍ UNESCO ၏ အကြံပြုချက်နှင့် ပူးပေါင်း ဆောင်ရွက်ချက်များနှင့်အညီ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပါဝင်သော အဖွဲ့များက ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ပြုလုပ်လျက်ရှိသည်။ 

M-05