News

POST TYPE

LATEST NEWS POST

မိတ္ထီလာ ဝပ်ရှော့တွင် အပ်နှံထားသော ကားအတွင်းမှ အလောင်းနှစ်လောင်းတွေ့
18-Nov-2017 tagged as မိတ္ထီလာ


မိတ္ထီလာ၊ နိုဝင်ဘာ ၁၈

မိတ္ထီလာမြို့ပေါ် ရွှေဘုံသာဘုရားဝင်းရှိ ဝပ်ရှော့တွင် အပ်ထားသော ကားအတွင်းမှနေ၍ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက လူသေအလောင်း နှစ်လောင်း တွေ့ရှိခဲ့ကြောင်း အဆိုပါဝပ်ရှော့နှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။

ဈေးအရှေ့ပြင် ရပ်ကွက်နယ်မြေကို ဖြတ်သန်းသွားသော ပထမလမ်းမတော် အရှေ့ထိပ်ရှိ ဇွဲရုံကားဂိတ်အနီးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက လမ်းဘေး ပလက်ဖောင်းကို တိုက်မိခဲ့သော ယာဉ်ဖြစ်ကြောင်း၊ ယာဉ်မောင်းမှာ ထွက်ပြေးသွား၍ တာဝန်သိသူများက အခင်းဖြစ်ရာအနီးရှိ ဝပ်ရှော့တွင် အပ်နှံထားခဲ့ရာ အဆိုပါ ကားအတွင်းမှ အပုပ်နံ့များ ထွက်နေသဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများက စစ်ဆေးရာ ပုပ်ပွနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းများ စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဝပ်ရှော့ပိုင်ရှင် ဦးမြသိန်းက ပြောကြားသည်။

ယာဉ်မောင်းသူက အဆိုပါကားကို လမ်းပေါ်တွင် ထားခဲ့သောကြောင့် တာဝန်ရှိသူများက ဝပ်ရှော့သို့ တွန်းလာခဲ့ကြောင်း၊ စစ်ဆေးရာတွင် ကားမှာသော့ မရှိတော့ဘဲ ဘက်ထရီလည်း နှိုးမရသဖြင့် ဝပ်ရှော့တွင် တစ်ည ထားခဲ့ကြောင်း၊ ကားနောက်ဖုံးလည်း ဖွင့်မရခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကားနောက်ဖုံးမှ အပုပ်နံ့များ ထွက်လာသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ အခြားဘက်ထရီအပိုဖြင့် ကားကိုချိတ်ဆက်ကာ စက်နှိုးပြီး သက်သေများနှင့်အူကား နောက်ဖုံးကို ဖွင်ြ့ကည့်ရာ စောင်များဖြင့် ဖုံးထားသော အလောင်းနှစ်လောင်းကို တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

9J/ 2187 နံပါတ်ပါ NISSAN FUGO 350 GT အဖြူရောင်ကားသည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ် ၁ တပ်နယ်ပိုင်ကားဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ချိန်တွင် အဆိုပါယာဉ်ကို ဗိုလ်ကြီး ဇွဲမြင့်မိုရ်ဆိုသူ မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ ယာဉ်တိုက်မှု ဖြစ်ပြီးချိန်တွင် ကားဝပ်ရှော့ဆရာကို သွားခေါ်မည်ဟုဆိုကာ ထွက်သွားရာမှ ပြန်ရောက် မလာတော့ကြောင်း၊ ကားနောက်ဖုံးအတွင်းမှ တွေ့ရှိသော အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် ထိုးသွင်းဒဏ်ရာ၊ ပေါက်ပြဲပြတ်ရှ ဒဏ်ရာများစွာဖြင့် သေဆုံးနေခြင်းဖြစ်ကာ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးမှာလည်း ထိုးသွင်းလှီးဖြတ်၊ ပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါသေဆုံးမှုကို နယ်မြေခံ မြို့မရဲစခန်းက(ပ) ၄၇၁/ ၂၀၁၇ ပုဒ်မ (၃၀၂) အရ အမှုဖွင့်ထားကြောင်း၊ သေဆုံးသူများမှာ မန္တလေးမြို့တွင် နေထိုင်သော စိုင်းစိုးအောင်နှင့် မလင်းလင်းတို့ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

R-01