News

POST TYPE

LATEST NEWS POST

တောင်ငူ လေတပ်စခန်းဌာနချုပ်မှ တရားစွဲဆိုထားသော တောင်သူ ၁၀ ဦး၏ အာမခံ ရုပ်သိမ်းခံရ
တောင်ငူ၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အိုင်စောက် ကျေးရွာဒေသခံ တောင်သူများ ပိုင်ဆိုင်သော လယ်ယာမြေများကို သိမ်းဆည်းထားသည့် တောင်ငူလေတပ် စခန်းဌာနချုပ်က ခြံစည်းရိုး ကာရံခြင်းကို ဖျက်ဆီးသည်ဟုဆိုကာ တောင်သူ ၁၀ ဦးကို တရားစွဲထားသည့် အမှုတွင်မှ နိုဝင်ဘာလ ၁၇ ရက်က တောင်ငူခရိုင် တရားရုံးက တောင်သူများ၏ အာမခံ ရုပ်သိမ်းခဲ့ရကြောင်း ယင်းတောင်သူများထံမှ သိရသည်။ 

လယ်မြေများကို ကျောက်တိုင်စိုက် ခံရသဖြင့် ဖယ်ရှားခံရခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလက ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုကာ ဖမ်းဆီးချုပ်နှောင်ခဲ့သော်လည်း နောက်ပိုင်းတွင် အာမခံပေးခဲ့ကြောင်း၊ ယင်းနောက်အမှုကို ဆက်လက် ရင်ဆိုင်နေစဉ် ပုဒ်မ ၄၄၇ မှ ၄၂၇သို့ ထပ်မံ လျှောက်ထားရာ တရားစွဲဆိုချိန်တွင် တရားရုံးက ပုဒ်မ ၄၂၇ ကို လက်မခံဘဲ ပြည်သူ ပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆/၁ဖြင့် လက်ခံခဲ့ကြောင်း၊ ယင်းနောက် အောက်ရုံးအမိန့်ကို ပယ်ဖျက်ပြီး အာမခံ ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း တရားစွဲဆို ခံထားရသူ ဦးမြင့်နိုင်က ပြောကြားသည်။

အိုင်စောက်ကျေးရွာနေ ဒေသခံတောင်သူ ၅၉ ဦး ပိုင်ဆိုင်လုပ်ကိုင်ခဲ့ပြီး သီးနှံအခွန်ပြေစာ သာမက လယ်မြေပိုင်ဆိုင်ခွင့် လက်မှတ်များပါ ရှိနေသည့် လယ်ယာမြေဧက ၃၄၅ ဒသမ ၅၀ ကို ၁၉၉၁ ခုနှစ်ခန့်က တောင်ငူလေတပ်စခန်း ဌာနချုပ်မှ နှုတ်မိန့်ဖြင့် သိမ်းဆည်းခဲ့ကြောင်း၊ ယင်းနောက် တောင်သူအချို့ကို သီးစားချထား လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ခြံစည်ရိုးကာရံခြင်း ပြုလုပ်ပြီး လုပ်ကိုင်စားသောက်ခွင့် ရုပ်သိမ်းခဲ့ကြောင်း ၎င်းထံမှ သိရသည်။  

တောင်သူများ တရားစွဲဆို မခံရသေးခင်၂၀၁၃ ခုနှစ် ဇူလိုင်လခန့်က တောင်သူများက ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ပြီး ယခု အာမခံ ရုပ်သိမ်းခံရမှုကြောင့် နိုဝင်ဘာလ ၂၀ ရက်တွင် တောင်ငူတရားရုံး၌ ကြိုးနီစနစ်ကို ကန့်ကွက်သည့်အနေနှင့် ဖဲကြိုးနီကမ်ပိန်း လုပ်ဆောင်မည်ဖြစ်ကြောင်း တောင်သူ အကျိုးဆောင် ဦးလေးနိုင်က ပြောကြားသည်။

စတင် သိမ်းဆည်းခဲ့စဉ်က လေတပ်စခန်းဌာနချုပ်အတွက် လေယာဉ်ကွင်း တည်ဆောက်ရန် အကြောင်းပြခဲ့ပြီးနောက် ပိုလျှံသော မြေများကို ပြန်မပေးခဲ့သော်လည်း ဒေသခံတောင်သူများကို တစ်နှစ်လျှင် သီးစားခ စပါး ၁၂ တင်း၊ ကြံတစ်ဧက တစ်တန်နှုန်းဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း တောင်သူများက ပြောကြားသည်။ 

တပ်မတော်အစိုးရလက်ထက်မှ အရပ်သားအစိုးရလက်ထက် ကူးပြောင်းချိန် ၂၀၁၀ ခုနှစ်နောက်ပိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက တပ်မတော်က လိုအပ်ချက်ကြောင့် သိမ်းဆည်းခဲ့သော်လည်း ပိုလျှံမြေများကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊ မူလ တောင်သူများက ပိုင်ဆိုင်ခွင့်လက်မှတ် သို့မဟုက် သီးနှံပြေစာများ ပြသနိုင်ရန်သာ လိုအပ်ကြောင်း ပြောကြားထားသော်လည်း လက်တွေ့တွင် တောင်သူများလက် အမှန်တကယ် ပြန်လည် မရောက်ရှိကြောင်း မြေသိမ်းခံတောင်သူများက ပြောကြားသည်။

R-15