News

POST TYPE

LATEST NEWS POST

နိုင်ဂျီးရီးယားတွင် အသေခံ ဗုံးခွဲသူများကြောင့် ၁၀ ဦးသေဆုံး
17-Nov-2017 tagged as


မေဒူဂူရီ၊ နိုဝင်ဘာ ၁၆

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း မေဒူဂူရီမြို့တွင် အသေခံဗုံးခွဲသူ လေးဦးကြောင့် အနည်းဆုံး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကာ အမြောက်အမြား ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အမျိုးသမီးတစ်ဦး ပါဝင်သော တိုက်ခိုက်ရေးသမားများသည် မူနာလမ်းပေါ်တွင် ၎င်းတို့၏ ဗုံးများကို စနက်တံဖြုတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲများက ပြောကြားသည်။

မည်သည့်အုပ်စုကမှ တိုက်ခိုက်မှုကို နောက်ကွယ်မှ စီမံခဲ့သည်ဟု ပြောကြားခြင်း မပြုသေးပေ။ သို့ရာတွင် အစ္စလာမ္မစ် စစ်သွေးကြွ ဘိုကိုဟာရမ်အုပ်စုကမူ ဘော်နိုပြည်နယ် မေဒူဂူရီတွင် တိုက်ခိုက်မှု များစွာကို ပြုလုပ်ခဲ့ဖူးသည်။

ဘိုကိုဟာရမ်အဖွဲ့သည် တိုက်ခိုက်မှုများကို ပြုလုပ်ရာတွင် အမျိုးသမီး အသေခံ ဗုံးခွဲသမားများကို မကြာခဏ အသုံးပြုလေ့ရှိသည်။

ပထမဆုံး ပေါက်ကွဲမှုသည် ညနေခင်း ဝတ်ပြုဆုတောင်းနေသူ တစ်စုအနီးတွင် ၁၇းဝ၀ နာရီအချိန်က ဖြစ်ပွားခဲ့ရာ ၇ ဦး သေဆုံးသွားသည်ဟု ပြည်နယ် တာဝန်ရှိသူ ဘယ်လိုဒမ်ဘာတာက ပြောကြားသည်။

ဒုတိယမြောက် တိုက်ခိုက်သူမှာ နေအိမ်တစ်ခုအတွင်း ဖောက်ခွဲရေးပစ္စည်း များကို စနက်တန်ဖြုတ်ခဲ့ခြင်းဖြစ်သည်။

ကျန်နှစ်ဦးမှာမူ ပစ်မှတ်နေရာသို့  မရောက်ရှိမီ သူတို့ကိုယ်သူတို့ အသေခံ ဖောက်ခွဲခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်အဖွဲ့သည် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရန် အတွက် ၂၀ဝ၉ ခုနှစ်ကတည်းက တိုက်ခိုက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှ အကြမ်းဖက် ဆန့်ကျင်ရေးဆိုင်ရာ သုတေသနပညာရှင်များက ယခုနှစ် အစောပိုင်းတွင် ထုတ်ဝေသော အစီရင်ခံစာ၌ ဘိုကိုဟာရမ်သည်  သောင်းကျန်းမှု သမိုင်းတွင် အမျိုးသမီး အသေခံဗုံးခွဲသူများကို အမျိုးသားများထက် ပိုမိုအသုံးပြုသော ပထမဆုံးအဖွဲ့ ဖြစ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သောနှစ်များအတွင် ဘိုကိုဟာရမ် အကြမ်းဖက်မှုကြောင့် လူထောင်ပေါင်း များစွာ သေဆုံးခဲ့ပြီး နေအိမ်များကို စွန့်ခွာ ထွက်ပြေးသူ အရေအတွက် သန်းနှင့်ချီ၍ ရှိခဲ့သည်။           

F-04

  • TAGS