News

POST TYPE

LATEST NEWS POST

မှုခင်းကျူးလွန်သူ ဝရမ်းပြေးများကို ဘုံရန်သူအဖြစ် ချေမှုန်းရန် ဘင်္ဂလားဒေ့ရှ်အဆိုပြု
နေပြည်တော်၊ နိုဝင်ဘာ ၁၄

မြန်မာ -ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား မှုခင်းကျူးလွန်၊ တိမ်းရှောင်သော ဝရမ်းပြေးများကို နှစ်ဖက်လုံး၏ ဘုံရန်သူအဖြစ် သတ်မှတ် တိုက်ဖျက်ချေမှုန်းရန် အဆိုပြုလိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွန်ကြားရေးမှူးချုပ် Abul Hossain က အဆိုပြု ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရပ်တည်ချက်ကတော့ ဒီလိုမျိုး မှုခင်းကျူးလွန်သူတွေ ဝရမ်းပြေးတွေကို ဘင်္ဂလားဒေ့ရှ် နယ်မြေပိုင်နက်ကို အသုံးချခွင့်ပေးမှာ မဟုတ်ဘူး။ အခုလို တင်ပြခဲ့တဲ့ မှုခင်းကျူးလွန်သူတွေ ဝရမ်းပြေးတွေဟာဆိုရင် ကျွန်တော်တို့ နှစ်ဖက်စလုံးရဲ့ ဘုံရန်သူတွေဖြစ်ပြီးတော့မှ ၎င်းတို့ကို တိုက်ဖျက်ဖို့အတွက် ကျွန်တော့်အနေနဲ့ အဆိုပြုလိုပါတယ်”ဟု ၎င်းကဆိုသည်။

နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့(နိုဝင်ဘာ ၁၄ ရက်) ပြုလုပ်သည့် လေးကြိမ်မြောက် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စအကြမ်းဖက်မှု၊ မှောင်ခိုလုပ်ငန်း၊ နိုင်ငံဖြတ်ကျော် မှုခင်းနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ လှုပ်ရှားနေသော ကိစ္စရပ်တို့ကို ပူးပေါင်းဖြေရှင်း၊ နယ်စပ်ဒေသတွင် အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ရင်းနှီးပွင့်လင်းသော အခြေအနေတစ်ရပ်ကို ဖော်ဆောင်ကာ ဆွေးနွေးသွားရမည်ဖြစ်ပြီး နယ်စပ်ရေးရာ ကိစ္စများ ပေါ်လာပါက ၁၉၈၂ ခုနှစ်က နှစ်နိုင်ငံအကြား သဘောတူထားသော စာချုပ်အရ အထောက်အထားဖြင့် ဖြေရှင်းရန်နှင့် ယင်းသဘောတူညီချက်များကို အောက်ခြေအဆင့်အထိ သိရှိနားလည်အောင် ချပြထားပါက လက်ရှိ ပြဿနာကဲ့သို့ ထပ်မံ ဖြစ်ပွားလာမည် မဟုတ်ကြောင်း ၎င်းကပြောသည်။

“နောက်တစ်ချက်အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စနဲ့ဆက်လျဉ်းပြီး တင်ပြရမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံဘက်က ရာဘတွေ၊ စိတ်ကြွဆေးတွေ ကျွန်တော်တို့ နိုင်ငံဘက်ကို ဝင်နေတဲ့ကိစ္စကို ပူးပေါင်းပြီးတော့ အဖြေရှာမှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကား သယ်ဆောင်နေတဲ့ဟာတွေကို အမြန်ဆုံး တိုက်ဖျက်ပေးဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ထပ်လောင်းဆိုသည်။

အကြမ်းဖက် အစွန်းရောက်မှု အယူဝါဒတွေကို တိုက်ဖျက်ရန် နှစ်နိုင်ငံသဘောထားခြင်း တူညီနေသောကြောင့် ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်သွားရမည်ဖြစ်ပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့အကြား အမျိုးသမီးရေးရာကဲ့သို့ အဖွဲ့များကိုလည်းကောင်း လူမှုဖူလုံရေးကဲ့သို့ အသင်းအဖွဲ့ကဲ့သို့လည်းကောင်း ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတို့ကို အပြန်အလှန် လည်ပတ်စေပြီး ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်အောင် ဆောင်ရွက်လိုကြောင်း၊ ယင်းအပြင် အားကစားပြိုင်ပွဲများကို ဒေသအဆင့် အောက်ခြေအဆင့် အဆင့်မြင့်အဆင့်တို့ဖြင့် ပူးပေါင်း ယှဉ်ပြိုင်စေလိုကြောင်း ၎င်းက ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသအကြား ဖြစ်ပေါ်နေသော ပြဿနာတွေကို အိမ်နီးချင်း ကောင်းပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်ညှိနှိုင်း ဖြေရှင်းသွားရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘက်မှ တက်ရောက်လာသော ရဲမှူးချုပ် မျိုးဆွေဝင်းက အမှာစကားတွင် ထည့်သွင်း ပြောကြားထားပြီး ယင်းဆွေးနွေးပွဲမှ ရလဒ်များကို မီဒီယာများထံ ချပြပေးသွားမည်ဖြစ်ကြောင်း ရဲမှူးကြီး ကြည်စိုးက ပြောကြားထားသည်။

S-01