News

POST TYPE

LATEST NEWS POST

တာချီလိတ်တွင် မူးယစ်ဆေးသယ်ဆောင်သူ ငါးဦးကို ဖမ်းမိ
ကျိုင်းတုံ၊ နိုဝင်ဘာ ၁၃

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက်တွင် နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကျပ်သိန်း ၉၀ ခန့်စီ တန်ဖိုးရှိသည့် ဘိန်းမဲများ သယ်ဆောင်လာသော မိန်းကလေးငယ်များ ပါဝင်သည့် မူးယစ်ဆေး သယ်ဆောင်လာသူ ငါးဦးကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု အမှတ်(၃၀)ထံမှ သိရှိရသည်။

ယင်းရပ်ကွက်အတွင်းရှိ လမ်းမပေါ်တွင် ကားစီးရန် စောင့်ဆိုင်းနေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှစ်ဦး အပါအဝင် အသက် ၁၈ နှစ်မှ ၄၁ နှစ်အရွယ် အမျိုးသမီးလေးဦးနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးတို့၏ ကျောပိုးလွယ်အိတ်များ အတွင်းမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျေးသီးဘက်ကနေ တောလမ်းအတိုင်း ဒီဘိန်းစိမ်းတွေကို ကျောပိုးအိတ်တွေထဲမှာ အဝတ်အစားတွေနဲ့ ဖွက်ပြီး သယ်လာတာ။ အသက်အကြီးဆုံး အမျိုးသမီးကဦးဆောင်ပြီး ဒါတွေကို ထိုင်းဘက်သွားပို့မှာလို့ သိရတယ်။ တစ်ဦးကို ၅ ကီလိုကျော် ပါတဲ့သူရှိသလို ၆ကီလိုကျော်ပါတဲ့သူလည်း ရှိတယ်။ တစ်ယောက်ချင်းစီကို အမှုဖွင့်ထားတယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် တစ်ကီလိုလျှင် ကျပ် ၁၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း ၅ ဒသမ ၂ ကီလိုမှ ၆ ဒသမ ၂ ကီလိုစီကို သယ်ဆောင်လာသည့် အသက် ၁၇ နှစ်အရွယ် မနန်းစံငွေ၊ မနန်းခေါင်လူ၊ အသက် ၁၈ နှစ်အရွယ် မနန်းနုယဉ်၊ အသက် ၄၁ နှစ်အရွယ်ဒေါ်နန်းကူနှင့် အသက် ၂၈ နှစ်အရွယ် ဦးဆန်လူးတို့ ငါးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မများအရ အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16