News

POST TYPE

LATEST NEWS POST

ကုလလုံခြုံရေး ကောင်စီ၏ ရခိုင်အရေး ထုတ်ပြန်ချက် မြန်မာအစိုးရ လက်မခံ
ရန်ကုန်၊ နိုဝင်ဘာ ၈

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် ရခိုင်ပြည်နယ် အရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကို လက်ခံကျေနပ်ခြင်း မရှိပါကြောင်း မြန်မာအစိုးရက သတင်း ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးက ယင်းသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်မှာ မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြိုးပမ်းမှု အချို့တဝက်ကိုသာ အသိအမှတ်ပြုထားကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရင်ဆိုင်နေရသော ပြဿနာများအား နှစ်နိုင်ငံ ဆွေးနွေးကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုဖြင့် ဖြေရှင်းမှသာ အောင်မြင်မှု ရနိုင်သည်ဆိုသည့်အချက်ကို လျစ်လျူရှုထားကြောင်း ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်ကြောင့် နှစ်နိုင်ငံအကြား ချောမောစွာ သွားနေသည့် စေ့စပ်ဆွေးနွေးမှုများကို ထိခိုက်စေမည့် အန္တရာယ်ရှိကြောင်းလည်း တုံ့ပြန်ပြောဆိုထားသည်။

မြန်မာအစိုးရတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသောသူများ နေရပ်သို့ ပြန်လည် ရောက်ရှိလာရေးအတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ချစ်ခင်ရင်းနှီးစွာ ဆက်လက် ဆွေးနွေးလျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးအားလည်း နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားကြောင်း၊ ထိုသို့ ဖိတ်ကြားခြင်းမှာ နှစ်ဦးနှစ်ဖက် လက်ခံ ကျေနပ်သော သဘောတူညီချက်တစ်ရပ် ခရီးစဉ်အတွင်း ရရှိရန် မျှော်မှန်းချက်ဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးစွာဖြင့် ကိုင်တွယ် ဖြေရှင်းနေဆဲဖြစ်သော အခြေအနေ တစ်ရပ်နှင့်ပတ်သက်ပြီး လိုအပ်မှုမရှိဘဲ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရအနေဖြင့် လက်ခံကျေနပ်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသည့် သိန်းနှင့်ချီသော ဒုက္ခသည်များ ပြန်လက်ခံရန်၊ ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများ အားလုံး အဆုံးသတ်ရန် တောင်းဆိုထားသည်။

လုံခြုံရေးကောင်စီတွင် မြန်မာအရေး ဆုံးဖြတ်ချက်ချရန် ကြိုးစားခဲ့သော်လည်း တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည့်အတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သာ ထွက်ရှိခဲ့ခြင်း ဖြစ်သည်။      

E-02