News

POST TYPE

LATEST NEWS POST

ထိုင်းဘက် တရားမဝင်သွားမည့် လုပ်သား ၃၀ ကျော်ကို ပွဲစားနှင့်အတူ ဖမ်းမိ
ရန်ကုန်၊ နိုဝင်ဘာ ၇

ထိုင်း-မြန်မာနယ်စပ် တရားမဝင် မြန်မာလုပ်သား ၃၀ ကျော်ကို ပွဲစားနှင့်အတူ နိုဝင်ဘာလ ၆ ရက်က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်မိုးခိုင်က ပြောကြားသည်။

အလုပ်သမားအချို့ အကူအညီ တောင်းခံမှုနှင့် သတင်းအချက်အလက်များအရ အလုပ်သမား သံအရာရှိ၊ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့၊ မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) နှင့် မြို့ခံများပါဝင်သော အဖွဲ့သည် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားတွင် စောင့်ဆိုင်းနေစဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တရားမဝင် သွားရောက် လုပ်ကိုင်မည့် အလုပ်သမား ၃၄ ဦးနှင့်ပွဲစားကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“မနေ့က သတင်းရတယ်။ အဲဒါနဲ့ မဲဆောက်က သံအရာရှိကို အကြောင်း ကြားပြီး ဖမ်းခိုင်းတယ်။ ၁၇၀ လောက် ပို့ဖို့ သတင်းရလို့  တားခိုင်းလိုက်တာ။ မနေ့ (နိုဝင်ဘာလ ၆ ရက်) ညနေက မိတယ်။ အလုပ်သမားတွေကိုတော့ သူတို့ နေရပ်ကို ပြန်ပို့မယ်။ ပွဲစားကို လူကုန်တားဥပဒေနဲ့ အရေးယူရမယ်”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးရမိထားသည့်  တရားမဝင် လုပ်သားများသည် ပဲခူးနှင့် မကွေးတိုင်းတို့မှဖြစ်ပြီး အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၅ ဦးတို့ ပါဝင်ကြောင်း၊ ကျောက်လုံးကြီး ရွှေ့ပြောင်းလုပ်သား ကယ်ဆယ်ရေးစခန်းတွင် ထားရှိကြောင်း မဲဆောက်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အဖွဲ့မှ တပ်ဖွဲ့ဝင် အောင်မြင့်ထွန်းက ပြောကြားသည်။ 

“မနေ့က ၃ နာရီလောက်က ဖမ်းမိတယ်။ အခုမှ စစ်ဆေးနေတုန်း၊ ပွဲစားက မပါလာသေးဘူး။ စစ်ဆေးနေတုန်း။ ပြီးမှ သတင်း ထုတ်ပြန်ပေးပါမယ်”ဟု ၎င်းက ဆိုသည်။

စစ်ဆေးရာတွင် အလုပ်သမား တစ်ဦးကို ခုနစ်သိန်းမှ ၁၀ သိန်ဝန်းကျင် ပွဲစားများက တောင်းခံထားကြောင်း မြဝတီတံတားမှ တစ်ရက်တာ ဝင်ထွက်ခွင့် လက်မှတ်ယူ၍ ဘန်ကောက်သို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဘန်ကောက်တွင် CI စာအုပ်များ ပြုလုပ်၍ အလုပ်သွင်းပေးမည်ဟု ပြောကြားကာ ခေါ်ဆောင်လာခဲ့ကြောင်း  အလုပ်သမားများ၏ ပြောဆိုချက်ကို ကိုးကား၍ ၎င်းက ပြောကြားသည်။

လူပေါင်း ၁၇၀ ခန့်ကို မြဝတီတွင် သုံးနေရာ ခွဲ၍ထားကြောင်း၊ ယခင် ယင်းနည်းလမ်းဖြင့် သွားရောက်ခဲ့သော လူ ၁၀ဝ မှာလည်း ဘန်ကောက်တွင် အလုပ် မရရှိသေးကြောင်း ကနဦး သတင်းများအရ သိရှိရကြောင်း ၎င်းက ပြောသည်။

J-18