News

POST TYPE

LATEST NEWS POST

ဂျပန် - မြန်မာ ဖက်စပ်လေကြောင်း ပျံသန်းမည့်အစီအစဉ် ရပ်ဆိုင်း
07-Nov-2017 tagged as မြန်မာ ဂျပန်

ရန်ကုန်၊ နိုဝင်ဘာ ၇

မြန်မာနိုင်ငံတွင် လေကြောင်းပို့ဆောင်ရေး ပူးပေါင်းလုပ်ကိုင်ရန် ဂျပန် All Nippon Airways (ANA) လေကြောင်းလိုင်းနှင့် ရွှေသံလွင် ကုမ္ပဏီတို့ စီစဉ်ထားသော Asian Blue Airline လေကြောင်း ပြေးဆွဲမည့် အစီအစဉ်မှာ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“Asian Blue Airline အမည်နဲ့ ကုမ္ပဏီလုပ်ကိုင်ဖို့ အရင်အစိုးရလက်ထက်ကတည်းက MIC ပါမစ်ချထားပေးခဲ့တာ။ ဒီအချိန်အထိ လုပ်ကိုင်နိုင်ခြင်း မရှိခဲ့တာ။ ကုမ္ပဏီက ဘယ်လိုကိစ္စရှိလို့လဲမသိဘူး။ လုပ်ငန်း မလုပ်ကိုင်တော့ဘူးဆိုပြီး ပါမစ်ပြန်အပ်သွားတယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိတစ်ဦးက ဆိုသည်။

ပြည်တွင်း စီးပွားရေး လုပ်ငန်းကြီးတစ်ခုဖြစ်သည့် ရွှေသံလွင်လုပ်ငန်းစုက ပိုင်ဆိုင်သည့် Golden Sky Worldကုမ္ပဏီ နှင့် ဂျပန် ANA လေကြောင်းလိုင်း ကုမ္ပဏီတို့ ပူးပေါင်းပြီး Asian Blue လေကြောင်း လိုင်းအမည်ဖြင့် ဖက်စပ်လုပ်ကိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

MIC ပါမစ်ကို ရွှေသံလွင်ကုမ္ပဏီက ဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီနှစ်ခုကိုယ်စား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်က လာရောက်အပ်နှံသွားကြောင်း ၎င်းက ပြောကြားသည်။

“MIC ပါမစ်တောင် ထုတ်ပေး ထားတာကို ဌာနက လုပ်ကိုင်ခွင့်မပြုလို့ လုပ်ငန်း ပျက်ပြယ်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဦးစီးဌာနက AOC ချမပေးလို့ ဆိုတာလည်း ဖြစ်နိုင်ခြေမရှိဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာအစိုးရဌာနဘက်က လုပ်ကိုင်ခွင့် လျှောက်ထားမှု ငြင်းပယ်သည်မှာ မဟုတ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုထားသည်ကို လွန်ဆန်ခြင်းမပြုဘဲ ပျံသန်းခွင့် (AOC)ကို ခွင့်ပြုမည်ဖြစ်သော်လည်း အဆိုပါ ကုမ္ပဏီဘက်က လိုအပ်ချက်အရ လုပ်ငန်းလုပ်ကိုင်ခြင်းကို စွန့်လွှတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

“ပို့ဆောင်ရေး ဦးစီးဌာနက ခွင့်မပြုလို့ မလုပ်တော့တာလို့ မပြောပါနဲ့၊ ဝန်ကြီးဌာန ခွင့်ပြုရင် ဒီဌာနကလည်း ခွင့်ပြုမှာပါ”ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီနှစ်ခု ဖက်စပ်လုပ်ကိုင်ခြင်းအနေနှင့် ဂျပန် ANA လေကြောင်း ကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်း ရယူဖို့ သဘောတူထားပြီး နိုင်ငံတကာ ခရီးစဉ်တွေကို ပျံသန်း ပြေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ANA လေကြောင်းလိုင်းသည် ရန်ကုန်-တိုကျိုမြို့အကြား ခရီးစဉ်များကို ပျံသန်းခြင်းကိုသာ တာဝန်ယူ စီမံလျက်ရှိပြီး ရွှေသံလွင် ကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်ခြင်း စီမံချက်အနေနှင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီက အကြီးတန်း တာဝန်ရှိသူများက ကိုင်တွယ်ခြင်းဖြစ်သဖြင့် အဆိုပါကိစ္စရပ်ကို သတင်း အတိအကျ မသိရှိ၍ ပြောကြားပေးနိုင်ခြင်း မရှိကြောင်း မြန်မာ နိုင်ငံအခြေစိုက် ANA လေကြောင်းလိုင်း (ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။             

J-06