News

POST TYPE

LATEST NEWS POST

အစားအသောက်၊ ဆေးဝါး အာဏာပိုင်အဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြင်ဆင်ဖွဲ့စည်းမည်
နေပြည်တော်၊ နိုဝင်ဘာ ၆

တပ်မတော်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော အမျိုးသားဆေးဝါးဥပဒေ အရ ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များပါ ထည့်သွင်း၍ ပြင်ဆင်ဖွဲ့စည်းမည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် နိုဝင်ဘာ ၆ ရက်က ပြုလုပ်သော မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့ အစည်းအဝေး ခေတ္တနားချိန်တွင် မီဒီယာ များမေးမြန်းချက်ကို ပြန်လည်ဖြေကြား ခြင်း ဖြစ်သည်။

ဆေးပစ္စည်းနှင့်အလှကုန်များကို သုံးစွဲသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထိန်းချုပ် လိုအပ်လာသဖြင့် အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကို ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ရာ ခေတ်စနစ် အနေအထားများအရ ပြည်သူနှင့် အမျိုးသားလွှတ်တော် ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌများကို အာဏာပိုင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်း၍ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ အစားအသောက် ဆေးဝါးအလှကုန်နှင့် ဆေးပစ္စည်းဆိုင်ရာ အာဏာပိုင်အဖွဲ့အဖြစ် အမည်ပြောင်း ဖွဲ့စည်းမှုဟု ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

ဈေးကွက်တွင် ရောင်းချနေသော ဆေးဝါး၊ အစားအသောက်နှင့် အလှကုန် ပစ္စည်းများကို ထိန်းကျောင်းရန်အတွက် နိုင်ငံတော်အဆင့် အဖွဲ့အစည်း ထိန်းကျောင်းရန် ယခင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အစားအသောက်၊ ဆေးဝါး အလှကုန်နှင့် ဆေးပစ္စည်းဆိုင်ရာ အာဏာပိုင်အဖွဲ့ ကြီးကြပ်မှု ကော်မတီ အဆင့်ဆင့်တွင် လူမှုရေးဝန်ကြီးများကို ဥက္ကဋ္ဌအဖြစ် လျာထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

“ခရိုင်နှင့်မြိုနယ်တွေမှာ ကြီးကြပ်ရေးအဖွဲ့တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ထည့်ဖွဲ့သင့်ပါတယ်”ဟု အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွန်းက ဆိုသည်။

အမျိုးသား ဆေးဝါးဥပဒေကို တပ်မတော် အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၃ နှင့်၂၀၁၄ တွင် ပြင်ဆင်ခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စုံစမ်း သိရှိရသည်။

T.L