News

POST TYPE

LATEST NEWS POST

မြန်မာကင်းထောက်ဂီတပွဲတော် ကျင်းပမည်
06-Nov-2017 tagged as မြန်မာ


ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာနိုင်ငံကင်းထောက် ရာပြည့်အထိမ်းအမှတ် အခမ်းအနား အောင်မြင်မှုကို ဂုဏ်ပြုသည့်အနေနှင့် “မြန်မာကင်းထောက် ဂီတပွဲတော်”ကို နိုဝင်ဘာ ၁၂ ရက်၊ ညနေ ၆ နာရီ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသား အားကစားရုံတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် ကော်မတီထံမှ သိရှိရသည်။

ယနေ့ (နိုဝင်ဘာ ၆ ရက်) မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ မြန်မာနိုင်ငံ ကင်းထောက်ကော်မတီ တာဝန်ရှိသူများက သတင်းစာ ရှင်းလင်းခဲ့သည်။ ယင်းပွဲတော်တွင် တေးသံရှင်ဟန်ထွန်း၊ အာဇာနည်၊ ဂျီလတ်၊ သအို၊ ဝေလ၊ ဖြိုးပြည့်စုံ၊ သားငယ်၊ နီနီခင်ဇော်၊ ဆိုဖီယာ၊ ဘီလီလမင်းအေးနှင့် အခြားသော တေးသံရှင်များက သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။

ထို့အပြင် အခြေခံ ကျောင်းများနှင့် တက္ကသိုလ်များမှ ကင်းထောက် ကျောင်းသားများကလည်း ဖျော်ဖြေမည်ဖြစ်သည်။ ဂီတပွဲတော်အတွက် လက်မှတ်များကို အနိမ့်ဆုံး ကျပ် ၅၀၀၀ မှစ၍ ၁၅၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀၊ ၅၀၀၀၀ ကျပ်အထိ သတ်မှတ်ထားပြီး Hotline 1876၊ မန်းသီရိ တေးသံသွင်းနှင့် MMTIX Ticket ဌာနတို့တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ကို အမျိုးသားနှင့် အမျိုးသမီး ကင်းထောက်အဖွဲ့ ပေါင်း၍ ၁၉၆၂ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကာ ၁၉၆၄ ခုနှစ်တွင် ရပ်တန့်သွားခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အခြေခံ ပညာကျောင်း ၂၀မှ ကင်းထောက် ၂၀၀၀ ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

J-09