News

POST TYPE

LATEST NEWS POST

YBS (၇၉)ယာဉ် ခဲဖြင့် ထုခံရ၊ ခရီးသည်အမျိုးသမီး ဒဏ်ရာရ
ရန်ကုန်၊ နိုဝင်ဘာ ၂

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပုသိမ်ညွန့်(၆)လမ်း မှတ်တိုင်တွင် ယနေ့ (နိုဝင်ဘာ ၂ ရက်) နံနက် ၁၁ နာရီဝန်းကျင်က YBS (၇၉) ယာဉ်တစ်စီးမှာ ခဲဖြင့်ထုခံရသောကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးတစ်ဦး မှန်စများ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အနောက်ပိုင်း တက္ကသိုလ်မှ သံလျှက်စွန်းသို့ ပြေးဆွဲနေသော YBS (၇၉) ခရီးသည်တင်ယာဉ်မှာ ဦးချစ်မောင်လမ်းရှိ မြလမ်းထိပ် ကားမှတ်တိုင်တွင် ဒိုင်နာအဖြူရောင် ယာဉ်တစ်စီးကို ချိတ်မိခဲ့သည်။

ယင်းနောက် YBS(၇၉) ယာဉ်မောင်းမှ ၎င်းပြေးဆွဲရမည့် ခရီးစဉ်အား ဆက်လက်မောင်းနှင်ခဲ့ရာ ဒိုင်နာယာဉ်မောင်းမှ မကျေနပ်သဖြင့် ယာဉ်နှင့် နောက်မှ လိုက်လာခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် (၆) လမ်းထိပ် မှတ်တိုင်အရောက်တွင် ခဲဖြင့်ထုခဲ့သောကြောင့် YBS ယာဉ်ညာခြမ်းရှိ မှန်ကွဲခဲ့ပြီး လွင့်စင့်သွားသည့် မှန်စအချို့က YBS ယာဉ်ပေါ်ပါ အသက် ၅၆ နှစ် ခရီးသည် အမျိုးသမီးတစ်ဦးကို မှန်စများ ထိမှန်ခဲ့သည်။

ဒဏ်ရာရခဲ့သည့် ခရီးသည် အမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြင်ပလူနာအဖြစ် တင်ပို့ခဲ့ပြီး ခဲဖြင့်ထုခဲ့သူကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက အမှုဖွင့်ထားသည်။