News

POST TYPE

LATEST NEWS POST

ဘီလူးကျွန်း ကျောက်သင်ပုန်းလုပ်ငန်း ပြန်လည် ဦးမော့လာ

မော်လမြိုင်၊ အောက်တိုဘာ ၂၃

မွန်ပြည်နယ်၊ ဘီလူးကျွန်း (ချောင်းဆုံ) မုဒွန်းကျေးရွာက ကျောက်သင်ပုန်းလုပ်ငန်းများ ယခုနှစ်အတွင်း ပြန်လည် ဦးမော့လာသည်ဟု ကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းရှင်တို့က ပြောသည်။

မုဒွန်းကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းသည် လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်မှစ၍ အသုံးပြုမှု တဖြည်းဖြည်း ဈေးကွက် ကျဆင်းလာခဲ့ပြီး ဈေးကွက်ပျောက်လုနီးပါးထိ ဖြစ်ခဲ့သည်။

သို့သော် ယခုနှစ်အတွင်းတွင် ဈေးကွက် ပြန်လည် ရရှိလာပြီး ရောင်းအား၊ ဈေးနှုန်းလည်း တက်လာသည်ဟု “အောင်မိုးခိုင်”ကျောက်သင်ပုန်းလုပ်ငန်းပိုင်ရှင်က ပြောသည်။

“ခါတိုင်းနှစ်ဆိုရင် အိမ်မှာ ကျောက်သင်ပုန်းတွေ ပုံနေတယ်၊ ဒီနှစ်က ဘာမှမကျန်ဘူး အကုန်ကုန်တယ်၊ ထုတ်သလောက် ကုန်တယ်၊ အမှာတွေလည်း များလာတယ်၊ ဈေးနှုန်းကျတော့လည်း ခါတိုင်းနှစ်ထက် နည်းနည်း ကောင်းတယ်”ဟု အထက်ပါ လုပ်ငန်းရှင် ဦးအောင်မိုးခိုင်က ပြောသည်။

ကျောက်သင်ပုန်းကို ယခင်က ကျောင်းသုံး စာရေးကိရိယာ တစ်ခုအနေနှင့် ထုတ်လုပ်ခဲ့ပြီး ယခုအခါ ကျောက်သင်ပုန်းကို ကျောင်းသုံးကိရိယာအပြင် အမှတ်တရ ပစ္စည်းများအဖြစ်လည်း ပုံစံအမျိုးမျိုး ဖန်တီးထုတ်လုပ်လာသည့်အတွက် လူစိတ်ဝင်စားမှု ပိုများလာကာ ရောင်းအားဈေးကွက် ရရှိလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယခုအခါ ကျောက်သင်ပုန်းကို ဟိုတယ်၊ စားသောက်ဆိုင်တို့တွင် Menu ရေးသားသည့် ဆိုင်းဘုတ် အရွယ်အစားရှိ အကြီးစား ကျောက်သင်ပုန်း၊ ဖုန်းအရွယ် အစားရှိ အသေးစားကျောက်သင်ပုန်း၊ ကျောက်သင်ပုန်းပန်းချီ၊ အလှချိတ် အမှတ်တရပစ္စည်း အစရှိသည့် ကျောက်သင်ပုန်း အမျိုးမျိုးကို ထုတ်လုပ်လာကြ သည်။

“အခုဆိုရင် ရွာလမ်းမတစ်လျှောက်မှာရှိတဲ့ ဈေးဆိုင်တိုင်းက ကျောက်သင်ပုန်း ရောင်းလာတယ်၊ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်ကဆို ကျောက်သင်ပုန်းကို ထုတ်လုပ်တဲ့အိမ်မှာပဲ သွားဝယ်ရတယ်၊ အခုဆို ဆိုင်တိုင်းမှာ ရှိလာတယ်၊ ရောင်းလာတယ်၊ ဈေးကွက်မှာ နေရာပြန်ယူလာတာ တွေ့ရတယ်၊ ပြီးတော့ ကျောင်းတွေမှာလည်း တချို့ကလေးတွေ ကျောက်သင်ပုန်းကို ပြန်သုံးလာကြတာ ရှိတယ်”ဟု ကျောက်သင်ပုန်းလုပ်ငန်းရှင် ဒေါ်သန်းမြင့်က ပြောသည်။

ယခင်နှစ်များက ကျောက်သင်ပုန်းရောင်းအား မကောင်းသည့်အတွက် ကျောက်သင်ပုန်း အရေအတွက် ၂ သောင်းထိသာ ထုတ်ခဲ့ပြီး ရောင်းအားကောင်းလာသည့်အတွက် ယခုလာမည့်နှစ်အတွက် ကျောက်သင်ပုန်းအချပ် ၃ သောင်းခန့်ထိ ထုတ်လုပ်ရန် လျာထားသည်ဟု ၎င်းက ဆက်ပြောသည်။

ကျောက်သင်ပုန်းဈေးနှုန်းသည် အကြီးဆုံးဖြစ်သည့် ဆိုင်းဘုတ်ဆိုက် တစ်ချပ်လျှင် ကျပ် ၆၀ဝ၀ဝ ထိရှိပြီး အသေးဆုံး ဖုန်းအရွယ်အစား တစ်ချပ်လျှင် ကျပ် ၅၀ဝ ရှိကာ အရွယ်အစား၊ ဒီဇိုင်းပုံစံပေါ် မူတည်ပြီး ဈေးနှုန်းကွာဟမှု ရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

မုဒွန်းကျေးရွာ ကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ဝ ဝန်းကျင်က ရိုးရာလက်မှု လုပ်ငန်းတစ်ခုအနေနှင့် ရွာလုံးကျွတ်နီးပါး လုပ်ကိုင်ခဲ့သည်။

နောက်ပိုင်းတွင် ကျောက်သင်ပုန်း အသုံးပြုမှု နည်းပါးလာခြင်း၊ ရေရှည် ရပ်တည်ရန် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်း၊ လုပ်ငန်းပြောင်းရွှေ့ လုပ်ကိုင်လာခြင်းနှင့် အလုပ်သမား ရှားပါးလာခြင်းတို့ကြောင့် လက်ရှိတွင် ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဂဏန်းခန့်သာ ကျန်ရှိတော့သည်။

လက်ရှိကျန်နေသည့် ကျောက်သင်ပုန်းလုပ်ကိုင်သူများသည်လည်း လုပ်ငန်းပြောင်းရွှေ့ရန် အခြေအနေ မပေးသူများနှင့် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့ခြင်းကို ထိန်းသိမ်းလိုသူများသာ လုပ်ကိုင်နေကြသည်ဟု ကျောက်သင်ပုန်းလုပ်ငန်းရှင် ဒေါ်သန်းမြင့်က ပြောသည်။

မုဒွန်း ကျောက်သင်ပုန်း လုပ်ငန်းကို နိုင်ငံခြားသားများ၊ ပြည်တွင်းဧည့်သည်တော်များ စိတ်ဝင်စားလျက်ရှိပြီး လာရောက်လေ့လာသူများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ဟု ဒေသခံတို့က ပြောသည်။

ဘီလူးကျွန်း (ချောင်းဆုံ)သည် အဓိကအားဖြင့် ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကျောက်သင်ပုန်းလုပ်ငန်း၊ ဆေးတံလုပ်ငန်း၊ တုတ်ကောက်လုပ်ငန်းအပြင် ကြိမ်ဖြင့် ပြုလုပ်သည့် အသုံးအဆောင် ပစ္စည်းအမျိုးမျိုးလုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ခမောက်လုပ်ငန်း အစရှိသည့် ရိုးရာလက်မှု လုပ်ငန်း ထွန်းကားခဲ့သည့်ဒေသဖြစ်ပြီး ဘီလူးကျွန်းမှ လုပ်သည့်ဆေးတံသည် Made In Ywalut  ဟု မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများထိ ထင်ရှားခဲ့သည်။

Dawei Watch