News

POST TYPE

LATEST NEWS POST

ပုပ္ပားတောင်ကလပ် ရုတ်တရက် ပြိုကျနိုင်ခြေမရှိဟု ဘူမိသိပ္ပံအသင်းခန့်မှန်း
23-Oct-2017 tagged as ပုပ္ပါး


မန္တလေး၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံတွင် ထင်ရှားသည့် မီးတောင်သေတစ်ခုဖြစ်သည့် ပုပ္ပားတောင်ကလပ် မြေကျွံမှုများရှိနေသော်လည်း ရုတ်တရက် ပြိုကျနိုင်ခြေမရှိကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက ခန့်မှန်းထားသည်။

မြေကျွံရသည့် အကြောင်းအရင်းကိုသိနိုင်ရန်နှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်များကိုသိရှိနိုင်ရန်အတွက် အောက်တိုဘာလ ၂၂ ရက်နေ့ကစ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ကနဦး စစ်ဆေးမှု ရလဒ်များအရ စိုးရိမ်ရသည့် အနေအထား မတွေ့ရကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။

“အရမ်းကြီးစိုးရိမ်ရတဲ့ အနေအထားတော့ မတွေ့ရပါဘူး။ ကြီးကြီးကျယ်ကျယ်ကြီးတော့ ဖြစ်မှာမဟုတ်ပါဘူး။ အရမ်းကြီး စိုးရိမ်စရာမရှိပါဘူး။ လောလောဆယ် အနေအထားအရ အကြီးအကျယ်ကြီး ချင်းတောင်တွေမှာ ဖြစ်သလို မြေပြိုသလို အကြီးအကျယ်ကြီးတော့ မဖြစ်ပါဘူး။ မဖြစ်နိုင်ပါဘူး။ လူတွေကတော့ ရှောင်ရှားပြီးတော့ ဘေးကင်းရာမှာ နေသင့်တာပေါ့။ မိုးတွေဆက်ရွာနေရင်တော့ မပြောနိုင်ဘူးပေါ့။ မိုးရွာရင်တော့ အန္တရာယ်ရှိတဲ့နေရာမှာ နေထိုင်တဲ့သူတွေကို ဖယ်ခိုင်းရမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။

စစ်ဆေးမှု ကနဦး ရလဒ်များအရ  မိုးရွာသွန်းခြင်း၊ အဆောက်အအုံ အများအပြား ရှိနေခြင်းနှင့် ရေစီးရေလာမြောင်းများ ပိတ်ဆို့သွားခြင်းကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း၊ ပုပ္ပားတောင်ကလပ်သည် မပေါက်သေးသော မီးတောင်တစ်ခု၏ လည်တိုင်နေရာ တစ်ခုဖြစ်ကာ တောင်ပတ်ဝန်းကျင်ရှိ ကျောက်များသည် မီးတောင်ပြာများ၊ မီးတောင်ချော်များ ဖြစ်ကြောင်း၊ ယင်းကျောက်များသည် ခိုင်ခံ့မှုမရှိသောကြောင့် အဆောက်အအုံများ အလွန်အကျွမဆောက်သင့်ကြောင်း ဦးသန်းထွန်းက မှတ်ချက်ပြုသည်။

မြေကျွံကျသောနေရာသည် ပုပ္ပား တောင်ကလပ်မှ နှစ်ဖာလုံခန့် ကွာဝေးသည့် အောင်သိဒ္ဓိကုန်း (ရွှေမိုးညိုကုန်း) နေရာဖြစ်ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်ခန့်ကစ၍ အောက်သို့ တဖြည်းဖြည်း ကျွံနေခြင်းဖြစ်ကြောင်း၊ လက်ရှိ တိုင်းထွာချက်များအရ အောက်သို့ သုံးပေခန့်ကျွံနေပြီဖြစ်ကြောင်း၊ တောင်ကလပ်သို့သွားမည့်ကားများ ပြီးခဲ့သည့် သုံးရက်ခန့်ကစ၍ သွားလာခွင့် ပိတ်ထားသော်လည်း လူအသွားအလာ ခွင့်ပြုပေးထားကြောင်း၊ မြေကျွံကျမှုကြောင့် ကားလမ်း ပျက်စီးခြင်း၊ ကားလမ်းတစ်ဖက်စီရှိ ဆိုင်ခန်းနံရံများ အက်ကွဲခြင်း၊ ရေမြောင်းပြိုကျခြင်းများ ရှိနေကြောင်း၊ အောင်သိဒ္ဓိကုန်း အပါအဝင် တောင်ကလပ် တစ်ခုလုံးတွင် နတ်နန်းများ၊ နတ်ကနားပေးသည့် နေရာများ၊ ဆိုင်ခန်းများနှင့် လူနေအိမ်ခြေ  ရာချီ ရှိနေကြောင်း ကျောက်ပန်းတောင်း မြို့နယ်မဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြော ကြားသည်။

“ဘာဆက်လုပ်ရမလဲဆိုတာကို ဘူမိသိပ္ပံအသင်းက လေ့လာတွေ့ရှိချက်တွေကို စောင့်နေတယ်။ ဖြည်းဖြည်းချင်း ဖြစ်နေတဲ့အတွက် လူတွေကတော့ မရွှေ့သေးဘူး။ ဒေသခံ ဆိုင်ခန်းပိုင်ရှင်တွေ၊ လူနေအိမ်တွေကလည်း မဖယ်ပေးချင်ကြဘူးပေါ့။ ဗြုန်းခနဲမဖြစ်တော့ အန္တရာယ်ကို မကြောက်ကြဘူး။ ပြောရတာ ခက်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်”ဟု ၎င်းကပြော ဆိုသည်။

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တာဝန်ရှိသူများ အနေနှင့် ဒေသခံအရပ်ဘက် အဖွဲ့များ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း၊ လက်ရှိတွင် ပေ ၃၀ဝ ခန့်အရှည်ရှိ အက်ကြောင်းတစ်ခုနှင့် ပေ ၄၀ဝ ခန့်အရှည်ရှိ အက်ကြောင်းတစ်ခုဖြစ်နေပြီး ယင်းနေရာအကြားရှိ နေအိမ်များ၊ ဆိုင်ခန်းများ ပျက်စီးသွားသောကြောင့် ရွှေ့ပြောင်းနေရကြောင်း ပုပ္ပားဒေသခံ ဦးမိုးဟိန်းက ပြောကြားသည်။    

“အိမ်တွေက အလုံးစုံ ပျက်သွားတာ မဟုတ်ပါဘူး မြေကျွံတော့ ရွဲ့စောင်း သွားတာကြောင့် နေရာရွှေ့နေရတာပါ။ ကားလမ်းပိတ်ထားတယ် ဆိုတာလဲ မဟုတ်ပါဘူး။ မြေကျွံနေရာမှာ ကားသွားမရလို့ ပိတ်ထားတာပဲ။ အဲဒီနေရာအထိ ကားလာလို့ ရပါတယ်။ အဲဒီကနေ ကလပ်အထိဆို ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါတယ်။ အောက်လမ်းလို့ခေါ်တဲ့ ဂေါက်ကွင်းလမ်းကတက်ရင် တောင်ခြေထိ ကားသွားလို့ရပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ပုပ္ပားတောင်သည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိပြီး တောင်မကြီးသည် ၄၉၈၁ ပေရှိကာ တောင်ကလပ်သည် ၂၄၁၇ ပေ မြင့်သည်။

E-06, M 05