News

POST TYPE

LATEST NEWS POST

ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အားခနှုန်းထား မလေးရှားနိုင်ငံ တိုးမြှင့်
ရန်ကုန်၊ သြဂုတ် ၂၉

မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများ၏ အနည်းဆုံး လုပ်ခ ဈေးနှုန်းများကို မလေးရှားနိုင်ငံ အစိုးရက တိုးမြှင့်လိုက်ကြောင်း မလေးရှား နိုင်ငံသို့ ပြည်ပလုပ်သား ပို့ဆောင်နေသည့် မြန်မာ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်း သိရှိရသည်။

မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား ဈေးကွက်အတွင်း လုပ်သား ရှားပါး လာမှုများကြောင့် ယင်းသို့ အနည်းဆုံး အခကြေးငွေ နှုန်းထားကို ဇူလိုင်လကုန်မှ စတင် တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ လုပ်သား ပို့ဆောင်နေသော အေဂျင်စီများက ဆိုသည်။

“အဓိကတော့ မားကက်ရဲ့ သဘောတရားပေါ့၊ ရွှေ့ပြောင်း အလုပ်သမားတွေကို ခေါ်ယူနေတဲ့ တခြား နိုင်ငံတွေရဲ့ လုပ်ခဈေးနှုန်းက မလေးနဲ့ သိပ်မကွာတော့ မလေးကိုသွားတဲ့ လုပ်သားတွေက နည်းလာတယ်”ဟု ဟိန်းသစ္စာ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်မင်းဦးက ဆိုသည်။

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်သော ရွှေ့ပြောင်း အလုပ်သမားများသည် ယခင်က တစ်လလျှင် အနည်းဆုံး လုပ်အားခငွေအဖြစ် ရင်းဂစ် ၉ဝဝ သာ ရရှိခဲ့ရာမှ ဇူလိုင်လကုန်မှ စတင်ကာ ရင်းဂစ် တစ်ထောင်သို့ တိုးမြှင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း အေဂျင်စီများထံမှ သိရသည်။

လက်ရှိတွင် မလေးရှား နိုင်ငံသို့ မြန်မာနိုင်ငံမှ တစ်လလျှင် ပျမ်းမျှ လုပ်သား နှစ်ထောင်ကျော်ခန့်ကို စေလွှတ်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

“လုပ်အားခက ရင်းဂစ် တစ်ရာလောက်ပဲ တိုးပေမယ့်၊ အချိန်ပိုကြေးတွေ ရတဲ့အခါမှာ နာရီအလိုက် ရရှိတဲ့နှုန်းတွေက အရင်ကနဲ့ မတူဘူး၊ လုပ်အားခ ပိုရလာမှာပေါ့။ အလုပ်သမားတွေအတွက် အကျိုး ပိုများတာပေါ့”ဟု မြန်မာပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းအဖွဲ့ချုပ်မှ အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးမြတ်သူက ဆိုသည်။

မလေးရှား နိုင်ငံသို့ လုပ်သား စေလွှတ်ရာတွင် အေဂျင်စီများကို ဝန်ဆောင်ခနှင့် ကုန်ကျစရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၈၅ဝ နှင့် ၂၅,၅ဝဝ ကျပ်ကိုသာ ကောက်ခံရန် ဝန်ကြီးဌာနက သတ်မှတ်ထားပြီး မလေးရှား နိုင်ငံသို့ လုပ်သား စေလွှတ်ရန် ပျမ်းမျှ နှစ်လခန့် အချိန် ကြာမြင့်ကာ အလုပ် လုပ်ကိုင်ခွင့် သက်တမ်းကို သုံးနှစ် ခွင့်ပြုထားကြောင်း အေဂျင်စီများထံမှ စုံစမ်း သိရှိရသည်။