News

POST TYPE

LATEST NEWS POST

၈၈ ငြိမ်း/ပွင့်​ နိုင်​ငံ​ရေး အဖွဲ့အစည်းအနေနှင့် မှတ်​ပုံတင်​မည်
22-Oct-2017 tagged as

ရန်ကုန်၊ အောက်တိုဘာ ၂၂

အစိုးရ၏ ဒီမိုက​ရေစီအ​ရေး၊ ငြိမ်းချမ်း​ရေးနှင့်​ တရားဥပ​ဒေ စိုးမိုး​ရေးလုပ်ငန်းစဉ်​များကို ပိုမို​ ကူညီ​ဆောင်​ရွက်​နိုင်​ရန်​ ၈၈ မျိုးဆက်​ ငြိမ်းချမ်း​ရေးနှင့်​ပွင့်​လင်း လူ့အဖွဲ့အစည်းကို နိုင်ငံရေးအဖွဲ့အစည်း အဖြစ်​ မှတ်​ပုံတင်​မည်​ဖြစ်​​ကြောင်း ယင်းအဖွဲ့ ဦး​ဆောင်​သူတစ်​ဦးဖြစ်​သည့်​ ဦးဂျင်​မီက ​ပြောသည်​။

“ကျွန်​​တော်​တို့က အဓိက ​ခေါင်းစဉ်​က​တော့ ဒီမိုက​ရေစီအ​ရေး၊ ငြိမ်းချမ်း​ရေးနဲ့ တရားဥပ​ဒေ စိုးမိုး​ရေးဆိုတဲ့ ​ခေါင်းစဉ်​​အောက်​က သွားမှာဖြစ်​တဲ့အတွက်​ ဒါကို​ဆောင်​ရွက်​တဲ့ အဖွဲ့အစည်းတစ်ခုအ​နေနဲ့ ပြည်​ထဲ​ရေးဌာနမှာ မှတ်​ပုံတင်​မှာပါ”ဟု ၎င်းက ဆိုသည်​။

နိုင်​ငံ​ရေး အဖွဲ့အစည်းအဖြစ်​ မှတ်​ပုံတင်​မည်​ဖြစ်​ပြီး ပါတီနိုင်​ငံ​ရေး လုပ်​ငန်းများနှင့်​ ​ရွေး​ကောက်​ပွဲဝင်​ခြင်း လုပ်​ငန်းများကို လုပ်​​ဆောင်​မည်​မဟုတ်​ဘဲ နိုင်​ငံ​ကောင်း​ကြောင်းနှင့်​ သက်​ဆိုင်​သည့်​ နိုင်ငံ​ရေး အလုပ်​များကိုသာ လုပ်​ဆောင်​သွားမည်​ဖြစ်​​ပြီး အဖွဲ့အစည်း မှတ်​ပုံတင်​ခြင်းကို လာမည့်​နိုဝင်​ဘာလတွင်​ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း ၎င်းက ဆိုသည်​။

၈၈ ငြိမ်း/ပွင့်​ကို ယခင်​က အဖွဲ့အစည်းအဖြစ်​ မှတ်​ပုံတင်​ပြီး လူမှု​ရေးလုပ်​ငန်းများကို ​ဆောင်​ရွက်​ခဲ့ခြင်းမျိုးမရှိဘဲ ယခုအစိုးရသစ်​လက်​ထက်​တွင်​မူ တချို့​သော ကိစ္စရပ်​များကို ​ဆောင်​ရွက်​ရာတွင်​ မှတ်​ပုံတင်​ထားခြင်း မရှိသည့်​အတွက်​ ​ထွေအုပ်​တချို့၏ ဟန့်​တားမှုများကို ကြုံ​တွေ့ရ​ကြောင်း ဦးဂျင်​မီက ရှင်းပြ​ပြောဆိုသည်​။

“တချို့ကိစ္စ​တွေကို ​ဆောင်​ရွက်​တဲ့အခါမှာ ​ထွေအုပ်​​တွေက သူတို့​သ​ဘောမကျဘူးဆိုရင်​ ဟန့်တာ တားတာ​တွေရှိတယ်​။ အရင်​က ဒါ​တွေကို ​ခေါင်းထဲ သိပ်​မထားဘူး။ ​ကျော်​လွှားခဲ့ကြတယ်​။ အခုက ကျွန်​​တော်​တို့ အစိုးရဖြစ်​​နေတာကြောင့် အစိုးရကို အခက်​အခဲ မဖြစ်​​အောင်​၊ ဒီထက်​ပိုပြီး​တော့လည်း ကူညီနိုင်​​အောင်​ မှတ်​ပုံတင်​ဖို့ ဆုံးဖြတ်​လိုက်​တာပါ”ဟု ၎င်းက ဆိုသည်​။

မြန်​မာနိုင်​ငံတွင်​ လူမှု​ရေးလုပ်​ငန်းများ​ ဆောင်​ရွက်​ရန်​ အသင်းအဖွဲ့အနေဖြင့် မှတ်​ပုံမတင်​လည်း​ ဆောင်​ရွက်​နိုင်​ပြီး နိုင်ငံ​ရေး​ လုပ်​ငန်းများကို ​ဆောင်​ရွက်​မည့် အသင်းအဖွဲ့များအ​နေဖြင့်​ မှတ်ပုံတင်​​ရန် လိုအပ်ကြောင်း ​ရှေ့​နေ ဦးသန်း​ဇော်အောင်​က ​ပြောသည်​။

“အသင်းအဖွဲ့ ဥပ​ဒေနဲ့က​တော့ မတင်​လည်း​ နေလို့ရတယ်​။ တင်​လည်း​ နေလို့ရတယ်​။ နိုင်​ငံ​ရေးလုပ်​မယ့်​ လူမှုအသင်းအဖွဲ့မျိုးဆိုရင်​​တော့ တင်​ရမယ့်​သဘောရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

၈၈ မျိုးဆက်​ငြိမ်းချမ်း​ရေးနှင့်​ ပွင့်​လင်းလူ့အဖွဲ့အစည်းကို ဦးမင်းကိုနိုင်​၊ ဦးကိုကိုကြီး၊ ဦးဂျင်​မီ စသည့်​ ၈၈ မျိုးဆက်​ ​ကျောင်းသား​ဟောင်းများက ဦး​ဆောင်​ကာ စတင်​ခဲ့ခြင်းဖြစ်​ပြီး လက်​ရှိတွင်​ ဦးကိုကိုကြီးနှင့်​ တချို့​သော ၈၈ မျိုးဆက်​ဝင်​များသည်​ နိုင်​ငံ​ရေးပါတီ ထူ​ထောင်ရေးကို ဦးတည်​​ဆောင်​ရွက်​​နေခြင်းများလည်း ရှိသည်​။

ပါတီ၏ သ​ဘော သဘာဝနှင့်​ အသင်းအဖွဲ့ သ​ဘောသဘာ​ဝခြင်း ကွဲပြားမှုရှိ​သော်​လည်း ၎င်းတို့သည်​ ဒီမိုက​ရေစီ ဖက်​ဒရယ်​ပြည်​​ထောင်​စု ​ပေါ်ထွန်း​ရေးကိုသာ ဦးတည်​သည့်​ ရည်​မှန်းချက်​တူကြောင်း ဦးဂျင်​မီက ရှင်းပြ​ပြောဆိုသည်​။

J-09

  • TAGS