News

POST TYPE

LATEST NEWS POST

မြစ်ကမ်းပြို၍ နေအိမ်ပြောင်းရွှေ့ရသူများကို ကျပ် ၁၉ သိန်းဖိုး ပစ္စည်းများ အစိုးရထောက်ပံ့
22-Oct-2017 tagged as တိုက်ကြီး Disaster


တိုက်ကြီး၊ အောက်တိုဘာ ၂၂

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အေးရွာကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပါးများ ဆက်တိုက်ပြိုကျခဲ့မှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသူများကို ထောက်ပံ့ရေး ပစ္စည်းများနှင့် အလှူငွေများ သွားရောက် လှူဒါန်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောကြားသည်။ 

မြစ်ကမ်းပါးများ ပြိုကျခြင်းကြောင့် အေးရွာကျေးရွာမှ အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၅၉ ဦး၊ ကြွေပန်းကန်ချောင်းကျေးရွာမှ အိမ်ထောင်စုသုံးစု လူဦးရေ ၁၄ ဦးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ကျပ် ၁၉ သိန်းကျော် ထောက်ပံ့ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ကမ်းပြိုမှုများဖြစ်နေသည့် အေးရွာ ကျေးရွာ၊ ရေပေါ် သောင်ကျေးရွာ၊ မဲသောင် ကျေးရွာ၊ ကြွေပန်းကန်ချောင်းကျေးရွာနှင့် ပန်းတုန်းပိတ်ကျေးရွာများတွင် အိမ်ထောင်စုပေါင်း ၁၃၀ ခန့်ရှိနေရာ ယင်းအိမ်ထောင်စုများအတွက် လယ်မြေဝယ်ယူ၍ နေရာချထားနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

“ကမ်းပါးတွေက ဆက်တိုက်ပြိုနေတော့ ကျွန်တော်တို့ ရွာသားတွေက စိုးရိမ်နေရတယ်။ လမ်းဘေးမှာ ယာယီ တဲလေးတွေထိုးပြီး ဘေးလွတ်ရာ နေရာတွေ သူများ ခြံတွေထဲက လွတ်တဲ့နေရာလေးမှာ ကပ်နေရတယ်။ လူကယ်ပြန်ကတော့ လာလှူပါတယ်။ ကျွန်တော်တို့ အဓိက လိုနေတာက နေစရာမြေနေရာပါ”ဟု ကမ်းပြိုမှုဒဏ်ခံရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာ အုပ်စု၊ အေးရွာ ကျေးရွာတွင်၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှစ၍ ဧရာဝတီမြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးများ ဆက်တိုက်ပြိုကျခဲ့ရာ အောက်တိုဘာလ၂၀ ရက်နေ့အထိ ကမ်းပါးပြိုကျ၍ နေအိမ်ခြောက်လုံး ရေထဲမျောပါသွားခဲ့ပြီး နေအိမ် ၁၅ လုံးမှာ လတ်တလော ပြောင်းရွှေ့ထားရကြောင်း အေးရွာကျေးရွာ ရပ်မိရပ်ဖများက ပြောကြားသည်။

R-19