News

POST TYPE

LATEST NEWS POST

ဂျပန်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများမဲပေး၊ ရှင်ဇိုအာဘေးတို့ ပြန်လည် အနိုင်ရရှိမည်ဟု အများစုခန့်မှန်း

တိုကျို၊ အောက်တိုဘာ ၂၂

ဂျပန်နိုင်ငံအပေါ် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ မြင့်တက်လာပြီး နောက် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကျင်းပရန် ခေါ်ယူလိုက်သော ကြားဖြတ်ရွေးကောက်ပွဲကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင် သန်းနှင့်ချီ၍ မဲပေးခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)အနေနှင့် သုံးပုံနှစ်ပုံခန့် အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်ရပြီး အကယ်၍သာ ပြန်လည် ရွေးကောက် တင်မြှောက်ခံရမည်ဆိုပါက ၎င်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံ၏ သက်တမ်း အရှည်ဆုံးသော ဝန်ကြီးချုပ်ဖြစ်လာမည်။ 

ရှင်ဇိုအာဘေးအပေါ် ဂျပန်ပြည်သူလူထု၏ ထောက်ခံမှုမှာ ပြီးခဲ့သည့် နွေရာသီက ကျဆင်းခဲ့ပြီးနောက် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာချိန်တွင် ပြန်လည် မြင့်တက်ခဲ့သည်။ 

ထိုသို့ လူထုထောက်ခံမှု မြင့်တက်လာချိန်တွင် ရှင်ဇိုအာဘေးက အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ 

လက်ရှိ အနေအထားတွင် အတိုက်အခံ ပါတီများအပေါ် ထောက်ခံမှုလျော့ကျနေခြင်းကြောင့် ရှင်ဇိုအာဘေး၏ LDP သာ အနိုင်ရရှိလိမ့်မည်ဟု အများစုက ခန့်မှန်းထားပြီးဖြစ်သည်။ LDP သာ သုံးပုံ နှစ်ပုံ အနိုင်ရရှိခဲ့မည်ဆိုပါက ရှင်ဇိုအာဘေးအနေနှင့် ဂျပန်အခြေခံ ဥပဒေပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ 

ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး တပ်မတော်ကို ဂျပန်အမျိုးသား တပ်မတော်အဖြစ် ပြောင်းလဲပစ်ရန် ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ အမျိုးသား တပ်မတော်အဖြစ် ပြောင်းလဲမည့်ကိစ္စသည် ဒုတိယကမ္ဘာစစ် ဖက်ဆစ်ဂျပန်တို့ စစ်ရှုံးပြီးနောက် ပထမဆုံးအကြိမ် ဖြစ်သည်။ 

ဝန်ကြီးချုပ်ရှင် ဇိုအာဘေးသည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အကြောင်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က ကြေညာခဲ့သည်။ ဂျပန်နိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသော အမျိုးသားရေး အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် လုပ်ပိုင်ခွင့်သစ်များ လိုအပ်သောကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ခေါ်ယူရခြင်းဖြစ်သည်ဟု ၎င်းကဆိုခဲ့သည်။ 

မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကျော်ကာ ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း၊ ဂျပန်ကျွန်းကို နှစ်မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရက ခြိမ်းခြောက်ခဲ့ခြင်း စသည်တို့သည် ကြားဖြတ် ရွေးကောက်ပွဲ အရေးတကြီး ခေါ်ယူရသည့် အဓိက အကြောင်းအရင်းများ ဖြစ်ခဲ့သည်။ 

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဂျပန်နိုင်ငံ တောင်ပိုင်းဒေသသို့ ပြင်းအား သတ်မှတ်ချက်အဆင့် ၄ တွင် ရှိသော လန်ဟုအမည်ရသည့် တိုင်ဖုန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့သည်။ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်အချို့ ဖျက်သိမ်းခဲ့ရပြီး မီးရထားများလည်း ပြေးဆွဲမှု ရပ်ဆိုင်ခဲ့ရသည်။

F-01