News

POST TYPE

LATEST NEWS POST

ငါးဖမ်းလိုင်စင်ရရှိရေး သမ္မတထံ အသနားခံထားသော်လည်း အကြောင်းမထူးသေး

ထားဝယ်၊ အောက်တိုဘာ ၂၁

ဒေသခံ ငါးဖမ်းလှေများအတွက် ကမ်းနီးငါးဖမ်းလိုင်စင်များ အမြန်ချထားပေးရန် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ရေလုပ်သားများက နိုင်ငံတော် သမ္မတထံသို့ စာပေးပို့ အသနားခံထားသော်လည်း  ၂ လ ကျော်ကြာမြင့်သည်အထိ တစ်စုံတစ်ရာအကြောင်း ထူးခြားမှု မရှိသေးကြောင်း စုပေါင်း အသနားခံစာ တင်ပြထားသူများထံမှ သိရသည်။

ယခင်က ကမ်းနီးငါးဖမ်းလိုင်စင်များကို မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပေးလေ့ရှိသော်လည်း ယခုအခါ မိရိုးဖလာ မျှောပိုက်လှေ အများစုမှာ ကမ်းနီးငါးဖမ်းလှေတစ်စီး၏ သတ်မှတ်စံနှုန်းထက် ကြီးမားနေသောကြောင့် မြို့နယ်အဆင့်မှ လိုင်စင်ထုတ်ပေးရန် မဖြစ်နိုင်ဟု ငြင်းဆိုခံနေရခြင်း ဖြစ်သည်။

ယင်းကြောင့် လုပ်ပိုင်ခွင့်ရှိသူ သမ္မတနှင့်တကွ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဌာနဆိုင်ရာများထံ လိုင်စင် ထုတ်ပေးပါရန် လှေပိုင်ရှင် ငါးဆယ်ကျော် လက်မှတ် 3ရေးထိုးကာ ဩဂုတ်လ ၃ ရက်နေ့က အသနားခံစာ ပေးပို့ခဲ့ကြခြင်း ဖြစ်သည်။ 

“မျှော်လင့်ချက်တွေ အများကြီးထားပြီး (အသနားခံစာ) တင်တယ်၊ ရလာလေမလား၊ လုပ်ပေးလေမလား၊ သနား ငဲ့ညှာပေးလေမလားပေါ့၊ ခု ၃ လလောက်ထိ ဘာမှ အဓိပ္ပာယ် မပေါ်ဘူးပေါ့”ဟု သဘော့ဆိပ်-ပြင်ကြီး မိရိုးဖလာ မျှော ပိုက် လှေများအသင်းဥက္ကဋ္ဌ ဦးထွန်းသိန်းက ပြောကြားသည်။

ငါးဖမ်းလိုင်စင်မရှိဘဲ ငါးထွက် ဖမ်းသည့်လှေများမှာ ပင်လယ်ပြင်တွင် တာဝန်ရှိသူတို့၏ စစ်ဆေးမှု ရင်ဆိုင် ခံယူရမည်ကို ကြောက်ရွံ့နေကြရခြင်း၊ ကမ်းဝေးငါးဖမ်းလှေများနှင့်တကွ အခြား လိုင်စင်ရှိ ငါးဖမ်းလှေများနှင့် ငါးဖမ်းရင်း ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ပါက အထောက်အထား မပြည့်စုံသဖြင့် မိမိတို့ဘက်မှ မှန်နေသည့်တိုင် အရှုံးနှင့်သာ အလျှော့ပေး ရင်ဆိုင်နေရပြီး ဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းရန် အခက်ကြုံနေရကြောင်း ၎င်းကဆိုသည်။

၁၉၉၀ ခုနှစ် မြန်မာပင်လယ် ငါး လုပ်ငန်းဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာအရ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ကမ်းနီး ငါးဖမ်း လိုင်စင်အတွက် သတ်မှတ်ချက်များမှာ လှေအလျား ၃၀ ပေ၊ မောင်းနှင်သော စက်၏စွမ်းအားသည် မြင်းကောင်ရေ  ၂၀ ထက်မပိုရဟု ပါရှိကြောင်း ရေလုပ်သားများထံမှ သိရသည်။

လက်ရှိ မိရိုးဖလာ မျှောပိုက်လှေ အများစုမှာ ညွှန်ကြားရေးမှူးချုပ်၏ သတ်မှတ်ချက်ထက် ကျော်လွန်လျက် ရှိသည်။

ယင်းသို့ ကျော်လွန်ခြင်းမှာ ပင်လယ်ပြင်တွင် ရာသီဥတု ပြောင်းလဲခြင်း၊ ကမ်းနီးတွင် ငါးဖမ်းဆီးရရှိမှု ကျဆင်းလာခြင်း၊ ငါးဖမ်းလုပ်ငန်းခွင် အလှမ်းဝေးလာခြင်းစသည့် အခက်အခဲများကြောင့် လှေနှင့် စက်အင်အားများ ယခင်ထက် ပိုမိုကြီးမားအောင် တည်ဆောက်တပ်ဆင်လာရခြင်းတို့ကြောင့် ဖြစ်ကြောင်း လှေပိုင်ရှင်များက ပြောကြားသည်။

ထားဝယ်ခရိုင်အတွင်း ကမ်းနီးငါးဖမ်းလှေ ၁၈၀ဝ ကျော် ရှိပြီး ၁၀ဝ၀ ကျော်မှာ အထက်ပါ ငါးဖမ်းလိုင်စင် မရသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဦးဇော်သူရထံမှ သိရသည်။

“လူတွေက ငါးဖမ်းထွက်ဖို့အတွက် အခက်အခဲ ဖြစ်နေပြီ၊ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ဒါကို အမြန်ဆုံး ဖြေရှင်းပေးစေချင်တယ်၊ မဖြေရှင်းရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာကိုလည်း စိုးရိမ်တယ်”ဟု ဦးဇော်သူရက ပြောဆိုသည်။

ငါးဖမ်းလိုင်စင် ပြဿနာကို နိုင်ငံတော်သမ္မတနှင့်တကွ တာဝန်ရှိသူများ သတိပြုမိစေရေးအတွက် လှေသမားများက လှေများ စုပေါင်းကာ ကမ်းခြေတွင် စီတန်းမောင်းနှင် ဆန္ဒပြရန်အထိ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း တိုင်းပြည်အတွင်း ရခိုင်အရေးနှင့် အခြားနိုင်ငံရေး အကျပ်အတည်းများ ကြုံတွေ့နေသည်ကို ထောက်ရှုချိန်ဆနေကြကြောင်း မိရိုးဖလာ မျှောပိုက်လှေများ အသင်းဥက္ကဋ္ဌ ဦးထွန်းသိန်းက ရှင်းပြသည်။

တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ထွေးကမူ ရေလုပ်သားများ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံ တင်ပြနိုင်ရေး ကြိုးစားနေပြီး ပြည်ထောင်စုလွှတ်တော်ရောက် တနင်္သာရီတိုင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ပြောသည်။

ရေလုပ်ငန်းတွင် လှေပိုင်ရှင်များ၊ ရေလုပ်သားများနှင့် ၎င်းတို့၏ မိသားစဝင်များ သာမက အခြား ဆက်စပ်လုပ်ငန်းစု များစွာ ပါဝင်နေပြီး ယင်းဆက်စပ်လုပ်ငန်းများကို အမျိုးသမီး အလုပ်သမား များစွာကလည်း မှီခိုလျက်ရှိသည်။

Dawei Watch