News

POST TYPE

LATEST NEWS POST

တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာ ကျပ် ၃၀ဝ ဈေးတက်
21-Oct-2017 tagged as ဈေးကွက်


ရန်ကုန်၊ အောက်တိုဘာ ၂၁

ဘုရင့်နောင် ကြက်သွန်နီဈေးကွက်တွင် တစ်ပတ်အတွင်း ကြက်သွန်တစ်ပိဿာလျှင် ယခင်ထက် ကျပ် ၂၅၀ မှ ၃၀ဝ အထိ ဈေးတက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ကြက်သွန်နီလက်ကျန် နည်းပါးလာခြင်းကြောင့် နယ်ဈေးနှုန်းများ တက်လာသည့်အတွက် ရန်ကုန် ကြက်သွန်ဈေးမှာလည်း မြင့်တက်ခြင်းဖြစ်ပြီး ဈေးတက်ခြင်းကြောင့် အရောင်းအဝယ် သွက်ကြောင်း ဘုရင့်နောင် ကြက်သွန်ဈေးကွက်အတွင်းမှ သိရသည်။

“ကြက်သွန်က စတော့ပေါ်နေပြီ။ နုနေသေးလို့ ရောင်းတမ်း မဝင်သေးဘူး”ဟု ဘုရင့်နောင် ကြက်သွန်ဈေးကွက် အတွင်းမှ ကုန်သည်တစ်ဦးက ပြောဆို သည်။

အောက်တိုဘာ လလယ်ခန့်မှစ၍ ကြက်သွန်သစ်များ စတင် ထွက်ပေါ်လာပြီဖြစ်သော်လည်း ကြက်သွန်ပေါ်လုနီးချိန်တွင် မိုးများစွာ ရွာသွန်းခဲ့ခြင်းကြောင့် အပျက်အစီး များပြားခဲ့သဖြင့်လည်း ကြက်သွန်ဈေးမြင့်ခြင်းကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း ကြက်သွန်ကုန်သည်များက ဆိုသည်။

လက်ရှိ ဘုရင့်နောင် ကြက်သွန်ဈေးကွက်အတွင်းသို့ နယ်ဒေသများမှ ကြက်သွန် ပုံမှန် ဝင်ရောက်လျက်ရှိပြီး နေ့စဉ် ကြက်သွန်ကုန်တင်ယာဉ် ၂၀ စီးခန့် ဝင်ရောက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိကြက်သွန်ဈေးနှုန်းသည် ဆိပ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ၂၅၂၅ ကျပ်၊ ဆိပ်ဖြူ (လတ်ကြီး) တစ်ပိဿာလျှင် ၂၄၂၅ ကျပ်၊ ဆိပ်ဖြူ (လတ်သန့်) တစ်ပိဿာလျှင် ၂၂၇၅ ကျပ်၊ ဆိပ်ဖြူ (လတ်ချော) တစ်ပိဿာလျှင် ၂၀၂၅ ကျပ်ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ လက်ကားဈေးကွက်အတွင်း ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေခြင်းကြောင့် လက်လီဈေးကွက်အတွင်း ကြက်သွန် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ကျော်အထိ ရောက်ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

S-04