News

POST TYPE

LATEST NEWS POST

ရေကြောင်းဘတ်စ်ပေါ်တွင် မဖွယ်မရာ လုပ်သူများနှင့် မူးယစ်သူများကြောင့် ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ်
21-Oct-2017 tagged as ရန်ကုန် Water Bus


ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်မြစ်တွင်း ပြေးဆွဲနေသော ရေကြောင်းဘတ်စ်ပေါ်၌ မဖွယ်မရာပြုလုပ်သော သမီးရည်းစား စုံတွဲအချို့နှင့် မူးယစ်သောက်စားထားသူ အချို့ကြောင့် သင်္ဘောစီး ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ကြရကြောင်း ရေကြောင်းဘတ်စ်စီးနင်းသည့် ခရီးသည်များထံမှ သိရသည်။

“ကိုယ့်ရှေ့ကစုံတွဲက မဖွယ်မရာတွေ လုပ်နေတော့ အများအမြင် မသင့်လျော်ဘူးပေါ့။ ဒီလိုမျိုးတွေ မဖြစ်အောင် အစောင့်တွေနဲ့ စည်းကမ်း တင်းကျပ်စေချင်တယ်”ဟု ကြည့်မြင်တိုင်မြို့နယ်မှ ခရီးသည်တစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တင့်တင့် မြန်မာကုမ္ပဏီက ခရီးသည်များ စနစ်တကျ စီးနင်းနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ကနဦး စုံတွဲများ မဖွယ်မရာ မလုပ်ရန် သတိပေး တားမြစ်မည်ဖြစ်ကာ လုံခြုံရေးဝန်ထမ်းက စောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“စုံတွဲကိစ္စကို အရင် လုပ်မယ်။ အသိပညာပေး လုပ်မယ်။ အရက်သောက်ပြီး စီးနင်းတဲ့သူတွေကိုတော့ အကောင်းဆုံးနဲ့ နည်းလမ်းတကျဖြစ်အောင် အရေးပေါ် အစည်းအဝေးလုပ်ဖို့ ရှိတယ်။ အဲဒီက ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မယ်။ ခရီးသည်ဖြစ်နေတဲ့အတွက် ရေကြောင်းရဲတပ်ဖွဲ့ကလည်း အရေးယူလို့ မရဘူး”ဟု တင့်တင့်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ရုပ်သံမှတ်တမ်းများကို စစ်ဆေးလျက်ရှိပြီး လိုအပ်သော စည်းကမ်းထုတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် သင်္ဘောပေါ်တွင် အရက်သေစာ သောက်စားထားသူ အချို့လည်း လိုက်ပါ စီးနင်းမှုများ ရှိနေပြီး ခရီးသည်များအတွက် စိတ်အနှောင့်ယှက်ဖြစ်ရကြောင်း အောက်တိုဘာလ ၂၀ ရက်က စီးနင်းသည့် ခရီးသည်များထံမှ သိရသည်။

“အရက်မူးသမားကြီးက နန်းသီတာဆိပ်ကမ်းကနေ စတက်လာတာ အင်းစိန်အထိ စီးမှာလို့ သူပြောတယ်။ လုံခြုံရေးတွေ၊ နိုင်ငံခြားသား ခရီးသည်တွေကို စကားတွေ သွားပြောပြီး နှောင့်ယှက်နေတာ”ဟု ဗိုလ်တထောင်မြို့နယ်မှ ခရီးသည်တစ်ဦးက ဆိုသည်။

ခရီးသည်များ အနှောင့်အယှက် မဖြစ်စေရေးအတွက် ရေကြောင်းဘတ်စ် ဝန်ထမ်းများက အဆိုပါ မူးယစ်နေသူကို ၎င်းဆင်းမည့်မှတ်တိုင်အထိ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်း ခရီးသည်များက ပြောကြားသည်။

လက်ရှိခရီးသည် ၂၃၀ ဆံ့ ပြည်ပ သင်္ဘောတစ်စင်းနှင့် ခရီးသည် ၁၂၀ ဆံ့ ပြည်တွင်းသင်္ဘော ခြောက်စင်းဖြင့် ဗိုလ်တထောင်ဆိပ်ကမ်းမှ အင်းစိန်ဆိပ်ကမ်းအထိ ပြေးဆွဲလျက်ရှိသည်။

J-06