News

POST TYPE

LATEST NEWS POST

လဟယ်က စာသင်ကျောင်း နှစ်ကျာင်း ဆရာမရှိ၍ ပိတ်ထားရ
21-Oct-2017 tagged as ပညာရေး နာဂဒေသ

ကလေး၊ အာက်တိုဘာ ၂၁

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း နှစ်ကျောင်းတွင် ဆရာ၊ ဆရာမ မလာရောက်ခြင်းနှင့် ပြောင်းသွားခြင်းကြောင့် ကျောင်းပိတ်ထားရကြောင်း လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသက်နောင်က ပြောကြားသည်။

လဟယ်မြို့နယ် ပါနွမ်ကျေးရွာ မူလတန်းကျောင်းခွဲတွင် ကျောင်းသား ၁၅ ဦးရှိသည်။ ပါနွမ်စာသင်ကျောင်းသည် နှစ်စမှစ၍ ဆရာများ မလာသဖြင့် ပိတ်ထားရသည်။ ဆပ္ပလော်ရွာမ မူလတန်းကျောင်းခွဲတွင် ကျောင်းသား ၈၂ ဦးရှိသည်။ ဆပ္ပလော်ရွာမ မူလတန်းကျောင်းခွဲသည် ကျောင်းဖွင့်စ တစ်လသာ ဖွင့်ပြီး ဆရာပြောင်းသွားသဖြင့် ယနေ့အထိ ပိတ်ထားရသည်ဟု ဦးသက်နောင်က ပြောဆိုသည်။

“ကလေးတွေက ဒီအတိုင်းပဲ အဖွင့်ပြထားတဲ့ပုံစံနဲ့ မြို့နယ်ပညာရေးက လုပ်ထားတာ ရှိတယ်။ စာသင်တဲ့အပိုင်းတော့ မရှိဘူး။ ဆိုလိုတာက ကျောင်းကို လာတယ်။ ကစားကြတယ်။ ပြီးတော့ ပြန်သွားတယ်။ အဲလိုလောက်ပဲ”ဟု လွှတ်တော်အမတ် ဦးသက်နောင်က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လဟယ်မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်မြတ်က အဆိုပါကျောင်း နှစ်ကျောင်းသည် မနှစ်ကမှ ကျောင်းခွဲအဖြစ် စတင် ဖွင့်လှစ်ခြင်းဖြစ်သဖြင့် အထက်က ဆရာမ ချထားပေးခြင်း၊ သြဂုတ်လအတွင်းက အပြောင်းအရွှေ့ကြောင့် ဆရာ ပြောင်းသွားခြင်းကြောင့် ယင်းသို့ အခက်အခဲ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“မိဘတွေကလည်း လာပြီး ဆရာတောင်းကျတဲ့အခါ အသစ်လည်း မခန့်သေးတဲ့အတွက် အနီးအနားက ကျောင်းသားဦးရေနဲ့တွက်ပြီး ပိုနေတဲ့ကျောင်းက ဆရာ၊ ဆရာမတွေကို လပ်နေတဲ့နေရာတွေကို သွားဖို့ ညွန်ကြားချက် ထွက်ပေးလိုက်တယ်။ အခု ဆရာ ရှိပါတယ်”ဟု ဒေါ်နန်းခင်မြတ်က ပြောကြားသည်။

ယင်းသို့သော အဖြစ်များကြောင့် ဝေးလံ၊ ခေါင်းပါးသည့် အရပ်ဒေသ ကျောင်းများတွင် လူစားရောက်မှ မူလဆရာ ပြောင်းရန်ဆိုသည့် ညွှန်ကြားချက် ထုတ်ပေးလိုက်မည်ဆိုပါက နာဂတိုင်းရင်းသားများ၏ ပညာရေးကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်မြတ်က ပြောဆိုသည်။

အဆိုပါကျောင်း နှစ်ကျောင်းအပြင် လဟယ်မြို့နယ်အတွင်းရှိ မူကီးကျေးရွာ မူလတန်း(ခွဲ)ကျောင်း၊ တွေးထွေနောက်ကျော မူလတန်းကျောင်း(ခွဲ)၊ ထန်ခေါ်လမ္မ မူလတန်းကျောင်း ၊ မကော်ရိန် မူလတန်းကျောင်း(ခွဲ)၊ တွေးထွေနောက်အင်း မူလတန်းကျောင်း(ခွဲ)၊ ကားရော်အိုဒေါက် မူလတန်းကျောင်း(ခွဲ)နှင့် ထန်ခေါ်နောက်ကုန်း ကျေးရွာ မူလတန်း(လွန်)ကျောင်း ၇ ကျောင်းတွင်လည်း ဆရာ၊ ဆရာမ အင်အား မလုံလောက်ခြင်းကြောင့် ကျောင်းအဖွင့်ပြရုံသာ ဖွင့်ထားရသည့်ကျောင်းများ ဖြစ်ကြောင်း လွှတ်တော်အမတ် ဦးသက်နောင်က ပြောဆိုသည်။

R-20