News

POST TYPE

LATEST NEWS POST

အသက်မပြည့်သေးသည့် မိန်းကလေးကို ချိန်းတွေ့ပြီး အဓမ္မပြုကျင့်မှုနှင့် လူငယ်တစ်ဦးကိုအမှုဖွင့်
ကျိုင်းတုံ၊အောက်တိုဘာ ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် အသက် ၁၅ နှစ်ကျော် မိန်းကလေးငယ်ကို ခေါ်ယူပြီး လက်ထပ်မည်ဟုဆိုကာ အဓမ္မ ပြုကျင့်သည်ဆိုသော ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါ ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်အတူလုပ်ကိုင်နေသည့် ၁၅ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို ယင်းလူငယ်က အောက်တိုဘာ ၁၄ ရက်နေ့ ညပိုင်းတွင် တည်းခိုခန်းသို့ ခေါ်ယူပြီး လက်ထပ်မည်ဟုဆိုကာ အဓမ္မပြုကျင့်ခဲ့၍ မိန်းကလေးငယ်၏ မိခင်က တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကောင်လေးနဲ့ ကောင်မလေးက တည်းခိုခန်းမှာ ချိန်းတွေ့ပြီး ညအတူ အိပ်ကြတာ။ နောက်နေ့ မနက် သူတို့ အလုပ်လုပ်တဲ့ လက်ဖက်ရည်ဆိုင် ပြန်သွားတော့ ဆိုင်ရှင်က လက်မခံတော့လို့ အပြင်မှာ အခန်းငှားနေကြတာ။ ကောင်လေးက လက်ထပ်မှာ ဖြစ်ပေမယ့် ကောင်မလေး မိဘတွေက သဘောမတူလို့ အမှုဖွင့်တာ”ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၁၉ နှစ်အရွယ် မောင်စိုင်းလောင်ခေးကို (ပ)၂၀၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၆ အရ အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16