News

POST TYPE

LATEST NEWS POST

ပါလက်စတိုင်းအစိုးရတွင် ဟားမက်စ်ပါလျှင် လုံးဝမဆွေးနွေးနိုင်ဟု အစ္စရေးဆို
20-Oct-2017


ဂျေရုဆလင်၊ အောက်တိုဘာ ၁၈

အစ္စရေးအစိုးရအနေနှင့် ဟားမက်စ် အင်အားစုများ ပါဝင်နေသော ပါလက်စတိုင်းအစိုးရနှင့် လုံးဝ ဆွေးနွေးစကား ပြောဆိုမည် မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ချက်ကို VOA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အနောက်ဘက်ကမ်းဒေသတွင်လည်း အစ္စရေးတပ်ဖွဲ့များသည် ပါလက်စတိုင်း မီဒီယာကုမ္ပဏီများကို ဝင်ရောက်စီးနင်းခဲ့ပြီး အစ္စရေး အစိုးရကို ဆန့်ကျင်ရေးသားမှုများကို ဖြိုခွင်းခဲ့သည်။

လူနှစ်ဦး အဖမ်းခံရပြီး မီဒီယာကုမ္ပဏီ ရှစ်ခု ပိတ်သိမ်းမိန့်ထုတ်ခံရကြောင်း သတင်းများက ဖော်ပြထားသည်။

ပါလက်စတိုင်း အရာရှိများက အဆိုပါ စီးနင်းပိတ်သိမ်းမှုများကို တင်းမာစွာ ရှုတ်ချခဲ့ပြီး သတင်းလွတ်လပ်ခွင့်ကို ထိပါးမှုဟု ပြောကြားခဲ့သည်။ 

ပါလက်စတိုင်းတွင် ဟားမက်စ်- ဖာတာ ညီညွတ်ရေး ညှိနှိုင်းမှုများတွင် ဟားမက်စ်ကို လက်နက်ဖြုတ်သိမ်းခြင်း၊ အကြမ်းဖက်မှုကို စွန့်လွှတ်ခြင်းနှင့် အစ္စရေးကို အသိအမှတ်ပြုခြင်းတို့ ပါဝင်သော်လည်း အစ္စရေးဘက်က ပါလက်စတိုင်း အစိုးရနှင့် စကားမပြောနိုင်ဟု ဆိုထားခြင်းဖြစ်သည်။

“အစ္စရေးကို ဖျက်ဆီးမယ်လို့ ကြုံးဝါးထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ ဟားမက်စ်ကို မှီတည်နေရတဲ့ ပါလက်စတိုင်း အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အစ္စရေးက ပြုလုပ်မှာမဟုတ်ဘူး”ဟု ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုရုံးက ထုတ်ပြန်ထားသည်။ 

ဟားမက်စ်အနေနှင့် အီရန်၏ အထောက်အပံ့ကို ငြင်းဆန်ကာ ဟားမက်စ် ထိန်းချုပ်ထားသော ဂါဇာဒေသတွင် ဖမ်းဆီးထားသည့် အစ္စရေးစစ်သား နှစ်ဦးနှင့် အစ္စရေးနိုင်ငံသားများကို ပြန်လွှတ်ပေးရမည်ဟု တောင်းဆိုထားသည်။ 

အစ္စရေး၏ တောင်းဆိုချက်များကို ဟားမက်စ်အနေနှင့် သဘောတူပေးရန် အလားအလာ အနည်းငယ်သာ ရှိပေသည်။

ပါလက်စတိုင်း၏ ပြည်တွင်းရေးကို အစ္စရေး၏ လက်မခံနိုင်စရာ ဝင်ရောက်စွက်ဖက်မှုဟု ပြောခွင့်ရ အရာရှိဖော်ဇီဘာ ဟိုအွန်က ပြောကြားခဲ့သည်။
 
အစ္စရေး၏ဖိအားသည် ပါလက်စတိုင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို သက်ရောက်စေမည် မဟုတ်ဟု ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အဘတ်စ်၏ ရုံးက ပြန်လည် ထုတ်ပြန်ထားသည်။

F-02

  • VIA