News

POST TYPE

LATEST NEWS POST

မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ထပ်တွေ့မည်
20-Oct-2017 tagged as NCA မွန်ပြည်နယ်

မော်လမြိုင်၊ အောက်တိုဘာ ၁၉

မွန်ပြည်သစ်ပါတီ (NMSP)နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ အောက်တိုဘာလ ၂၃ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ထပ်မံ တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

NLD အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ၃ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကာ ယခုအကြိမ်သည် ၄ ကြိမ်မြောက် ဖြစ်သည်။

ယခင်တွေ့ဆုံမှုများသည် ဦးမင်းမင်းဦး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က ၁ ကြိမ်၊ လက်ရှိဝန်ကြီးချုပ် ဒေါက်တာအေးဇံ လက်ထက်တွင် ၂ ကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ တွေ့ဆုံမှုများလာခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပိုတည်ဆောက်လာနိုင်သည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်း ဆက်ဆံရေးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“ပြည်နယ်အစိုးရက ဖိတ်ကြားထားတယ်၊ ဒီလို တွေ့ဆုံတာက အစိုးရပဲဖြစ်ဖြစ် တပ်မတော်ပဲဖြစ်ဖြစ် ပြဿနာတွေ ကြီးနေရင် သေးငယ်သွားမယ်၊ သေးငယ်တဲ့ ပြဿနာတွေက ပျောက်ပျက်သွားမယ်”ဟု ၎င်းက ပြောသည်။

၎င်းပြင် တွေ့ဆုံဆွေးနွေးမှုတွင် မွန်ပြည်သစ်ပါတီ၏ လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်း တင်ပြနိုင်သည်ဟု နိုင်ဝင်းလှက ဆက်ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးတိုင်း ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် ပါဝင်နိုင်ရန်အတွက် NCA ကို လက်မှတ်ရေးထိုးရန် လိုကြောင်း တိုက်တွန်းလေ့ရှိသည်။

မွန်ပြည်သစ်ကလည်း လာမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်နိုင်ရန်အတွက် NCA လက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး NCA ကို လက်မှတ် ရေးထိုင်းနိုင်ရန်အတွက်လည်း UNFC အဖွဲ့အစည်းနှင့်အတူ အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းလျက် ရှိသည်။

Dawei Watch