News

POST TYPE

LATEST NEWS POST

ကွန်ပျူတာ ကျောင်းသားများ စွမ်းရည်ပြိုင်မည်
19-Oct-2017 tagged as

ရန်ကုန်၊ အောက်တိုဘာ ၁၉

တစ်နိုင်ငံလုံးရှိ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲ (2017 Myanmar Collegiate Programming Contest) ဒုတိယအကြိမ်ကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးနှင့် အလုပ်အကိုင် ရှာဖွေရေးဌာန ပါမောက္ခ ဒေါက်တာခင်မိုးနွယ်က ပြောကြားသည်။

ပြိုင်ပွဲကို အောက်တိုဘာလ ၂၅ ရက်မှ ၂၆ ရက်ထိ နှစ်ရက်ကြာ ပြုလုပ်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် တစ်သင်းလျှင် ၃ ဦးပါဝင်သော အသင်း ၆၆ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၅ နာရီကြာ မေးခွန်းကို ဖြေဆိုရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အသုံးပြုရမည့် နည်းစနစ်များနှင့် မေးခွန်းပုံစံများကို ကျောင်းသားများ ရင်းနှီးမှုရှိစေရန် ပထမရက်ကို ပြိုင်ပွဲ အစမ်းနေ့အဖြစ် သတ်မှတ်သည်။ 

ဒုတိယရက်ကို ပြိုင်ပွဲနေ့အဖြစ် သတ်မှတ်ပြီး စာမေးပွဲစနစ် အသုံးပြု ဖြေဆိုရမည်ဖြစ်ကာ ပြိုင်ပွဲလုပ်သည့်နေ့မှာပင် ဆုချီးမြှင့်မည်ဖြစ်သည်။ ကွန်ပျူတာ ပရိုဂရမ် ရေးသားမှုစွမ်းရည်၊ အုပ်စုအလိုက် လုပ်ဆောင်မှု စွမ်းရည်များ တိုးတက်လာစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းများကို ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုအပြင် ပုစ္ဆာအရင်ဆုံးဖြေရှင်း နိုင်ဆု(First Problem Award)များ ပေးအပ်မည်ဖြစ်သည်။ 

“တစ်ကမ္ဘာလုံးမှာ ပြုလုပ်တဲ့ပွဲ ဖြစ်တဲ့အတွက် နောက်ဆုံးအဆင့်မှာ နိုင်ငံခြားမှာလုပ်တဲ့ Word Final အထိ တက်ဖို့ ရည်ရွယ်ထားတယ်”ဟု ဒေါက်တာ ခင်မိုးနွယ်က ပြောကြားသည်။

ယင်းပြိုင်ပွဲမှ ပုစ္ဆာဖြေရှင်းနိုင်သည့် အသင်းများကို တန်းစီဇယားပြုလုပ်၍ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်း ၃၀ မှ ၄၀ ထိ ရွေးချယ်ကာ နိုင်ငံတကာ တက္ကသိုလ်များမှ အသင်းများနှင့် ထပ်မံယှဉ်ပြိုင်ရမည့် Regional Programing Contest ကို လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နောက်ဆုံးနှစ် ဖြေဆိုထားသူ ကိုအောင်ကိုသက်က “အခု ပြိုင်ပွဲအတွက် မေးခွန်းဟောင်းတွေကို ကြိုပြီးကြည့်နေပါတယ်။ ပြိုင်ပွဲမှာ ပြိုင်ဖို့အတွက် စိတ်အရမ်း လှုပ်ရှားနေပါတယ်။ ဒီပြိုင်က ဒုတိယအကြိမ်ဖြစ်တဲ့အတွက် နောက်နှစ်တွေမှာလည်း ကျင်းပပေးစေချင်ပါတယ်”ဟု ပြောကြားသည်။

ကမ္ဘာ့ကွန်ပျူတာပရိုဂရမ် ရေးသားမှု စွမ်းရည်ပြိုင်ပွဲကို နိုင်ငံတကာ ကွန်ပျူတာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော Association For Computing Machinery (ACM) က ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံ ၉၁ နိုင်ငံမှ တက္ကသိုလ် ၂၃၀ဝ ကျော်တွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ နိုင်ငံအလိုက် ယှဉ်ပြိုင်နေသည်။ ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲကို မည်သည့်နိုင်ငံတွင် ကျင်းပမည်ကို လတ်တလော မသိရှိရသေးပေ။ 

မြဇာခြည်သင်း

  • TAGS