News

POST TYPE

LATEST NEWS POST

တစ်ပတ်ရစ် ဂျပန်ကားများ လိုက်စု၊ စလစ်တစ်စောင် ကျပ်သိန်း ၂၀ ကျော်တက်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ဘယ်မောင်းများသာ တင်သွင်းရမည်ဆိုသည့် မော်တော်ယာဉ် မူဝါဒသစ်ကြောင့် ကားဝယ်ရောင်းအချို့သည် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် ညာမောင်းကားများကို လိုက်လံ ဝယ်ယူစုဆောင်းနေပြီး ရက်ပိုင်းအတွင်း နှစ် ၂၀ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း ၂၀ ကျော် ဈေးတက်ကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

ယင်းမော်တော်ယာဉ်များ လိုက်လံ စုဆောင်းသူများသည် ၂၀၁၈ ခုနှစ်အတွက် မူဝါဒ အတည်ပြု မထုတ်ပြန်မီ ကတည်းက စုဆောင်းနေခြင်းဖြစ်ကာ ယင်းအချိန်က စုဆောင်းသူ အနည်းငယ်သာ ရှိခဲ့သော်လည်း ယခုအခါ ပိုမိုများပြားလာပြီး စလစ်ဈေးမှာလည်း ယင်းမူဝါဒ မထုတ်ပြန်မီကတည်းက မြင့်တက်နေခြင်းဖြစ်သော်လည်း အမှန်တကယ် ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း ထပ်မံ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“ကားစုနေတဲ့သူတွေက အခုပြန် ရောင်းဖို့တော့မဟုတ်ဘူး။ နောင်တစ်ချိန်အတွက် စုကြတာ”ဟု သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးကျော်မြင့်အောင်က ပြောဆိုသည်။

လက်ရှိကားဈေးကွက်အတွင်း ဂျပန်နိုင်ငံထုတ် ညာမောင်းကားများကို လိုက်လံ ဝယ်ယူနေကြသူများ၊ ကားရှိသော်လည်း ထုတ်မရောင်းသူများ၊ ဈေးပိုခေါ်သူများနှင့် တက်ဈေးဖြင့်ရောင်းရန် စောင့်ဆိုင်းနေသူများဟူ၍ အုပ်စုကွဲပြားနေကြောင်း ကားဝယ်ရောင်းများက ဆိုသည်။

ထို့ပြင် လက်ရှိ စလစ်ဈေးကွက်အတွင်း စလစ်ဈေး မြင့်တက်နေသော်လည်း ရောင်းမည့်သူမရှိဘဲ ယာဉ်အို ယာဉ်ဟောင်း အပ်ကားမှာလည်း ရှားပါးပြီး လက်ရှိ စလစ်ဝယ်ယူမည်ဆိုပါကလည်း တစ်လခန့် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ကားဈေးကွက်အတွင်း ဂျပန်နိုင်ငံထုတ် ညာမောင်း ကားတစ်စီးလျှင် ၁၀ ရာခိုင်နှုန်းခန့် ဈေးမြှင့်ခေါ်ယူလျက်ရှိပြီး ဈေးနှုန်းမြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

စလစ်ဈေးကွက်အတွင်း နှစ် ၂၀ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁၄၅ သိန်းကျော်နှင့် တိုက်ကြေစလစ် တစ်စောင်လျှင် ကျပ် ၁၂၅ သိန်းခန့်ဈေး ရှိကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

လာမည့်နှစ်အတွက် မော်တော်ယာဉ် မူဝါဒသည် လူစီးမော်တော်ယာဉ်များ အနေနှင့် တစ်ဦးချင်းပါမစ် (Free Permit) ဖြင့်ဆိုပါက ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ မော်ဒယ်လ်ကို ဘယ်မောင်းအဖြစ်လည်းကောင်း၊ ယာဉ်ဟောင်းစလစ် ကပ်ဖြင့်ဆိုပါက ၂၀၁၄ မော်ဒယ်လ်နှင့် အထက်ကို ဘယ်မောင်းအဖြစ်လည်းကောင်း၊ ခရီးသည်တင်ယာဉ်နှင့် သာသနာရေး ယာဉ်များကိုလည်း ၂၀၁၄ မော်ဒယ်လ်နှင့်အထက်ကို ဘယ်မောင်းများအဖြစ်သာလည်းကောင်း တင်သွင်းရမည်ဖြစ်သည်။

S-04