News

POST TYPE

LATEST NEWS POST

ရွှေပိဿာ ၁၄၀ကျော် နိုင်ငံတော်သို့ပေးရန်ကျန်၊ မပေးသွင်းသည့် ကုမ္ပဏီများကို တရားစွဲ
19-Oct-2017 tagged as ရွှေ

နေပြည်တော်၊ အောက်တိုဘာ ၁၉

နိုင်ငံတော်သို့ ရွှေတူးဖော်ကုမ္ပဏီများမှ ပေးသွင်းရန် ကြွေးကျန် ၁၄၁၂၁ ဒသမ ၃၂ ကျပ်သား ကျန်ရှိနေပြီး ပေးသွင်းရန် ပျက်ကွက်သော ရွှေတူးဖော်ရေး ကုမ္ပဏီများကို တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုနေကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက  ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၉ ရက်) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်းက “ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးသွင်းရန် ကျန်ရှိသော ရွှေတူးဖော်ရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီတို့အား တိကျသော အရေးယူမှုများ ဆောင်ရွက်သွားရန်နှင့် ကြွေးကျန်များ မကျန်ရှိအောင် ကောက်ခံသွားရန် အစီအစဉ် ရှိ မရှိ”မေးမြန်းခဲ့ခြင်းဖြစ်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ရွှေတူးဖော်ရေး လုပ်ငန်းများ၊ ကုမ္ပဏီများက အမှတ်(၂) သတ္တုတွင်း လုပ်ငန်းသို့ ပေးသွင်းရန် ပျက်ကွက်ခဲ့တဲ့အတွက် ကျန်ရှိရွှေကြွေးကျန် ပမာဏဟာ ၂၀၁၇ စက်တင်ဘာလကုန်အထိ ရွှေစင် ၁၄၁၂၁ ဒသမ ၃၂ ကျပ်သား ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ရွှေကြွေးကျန်များ ရရှိရန် နည်းလမ်း ၄ ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး နယ်မြေ မအေးချမ်းသော ဒေသများတွင် လုပ်ငန်း အကောင်အထည် မဖော်နိုင်သည့် ကုမ္ပဏီ ၄၆ ခု၏ ပေးသွင်းရန်ကျန်သည့် ရွှေစင် ၂၁၀၅ ဒသမ ၅၉ ကျပ်သားကို စာရင်း ပယ်ဖျက်ခြင်း၊ ၃၈၁ ဒသမ ၂၅ ကျပ်သား ရရန်ရှိသည့် ရွှေလုပ်ငန်းကုမ္ပဏီ ခြောက်ခုတို့အား တရားရုံးတွင် တရားစွဲထားခြင်း၊ ရွှေစင် ၅၂၈ ဒသမ ၃၆ ကျပ်သား ရရန်ကျန်သည့် ကုမ္ပဏီလေးခုတို့အား တရားရုံး တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ရှင်းပြသည်။

ယင်းအပြင်  ရွှေစင် ၁၁,၁၀၅ ဒသမ ၁၂ ကျပ်သား ရရန်ကျန်သည့် ကုမ္ပဏီ ၁၃၀ ကို ရှေ့နေ သတိပေးစာ သုံးကြိမ် ပေးပို့ထားပြီး တရားစွဲဆိုရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ရွှေကြွေးကျန်စုစုပေါင်း ရွှေစင် ၁၀၇,၅၆၀ ဒသမ ၉ ကျပ်သားရှိခဲ့ပြီး ၂၀၁၄ - ၁၅ နှင့် ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်များတွင် ၉၀၁၈၁ ဒသမ ၁၉ ကျပ်သား၊ ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်တွင် ၂၈၅၈ ဒသမ ၄၇ ကျပ်သား၊ ၂၀၁၇ - ၁၈ (စက်တင်ဘာ လကုန်အထိ)တွင် ၃၉၉ ဒသမ ၉၂ ကျပ် သားတို့ကို ပေးသွင်းခဲ့ကြောင်း ဝန်ကြီး၏ ရှင်းလင်းချက်အရ သိရသည်။

S-01