News

POST TYPE

LATEST NEWS POST

ဖားကန့်တွင် ရဲတပ်ဖွဲ့နှင့် ရေမဆေးသမားများ ပဋိပက္ခဖြစ်၊ ရေမဆေးသမား ငါးဦးသေဆုံး
19-Oct-2017 tagged as မန္တလေး

မန္တလေး၊ အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ လုံးခင်းကျေးရွာ၌ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက် ရှာဖွေသူများအကြား  ပဋိပက္ခဖြစ်မှုကြောင့် ရေမဆေးသမား ငါးဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောကြားသည်။ 

“ကျွန်တော်က လွှတ်တော်တက်နေတာ။ ကျွန်တော့်ဆီက အဖွဲ့ဝင်တွေ သတင်းပေးပို့ချက်အရ ညပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ငါးဦးသေပြီး လူ ၂၀ ဒဏ်ရာရ တယ်။ စိုးရိမ်ရတဲ့သူတွေကို မြစ်ကြီးနား ဆေးရုံပို့ထားတယ်လို့ သိရတယ်”ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မသိသော်လည်း ဒဏ်ရာရရှိသူများအနက် ကိုးဦးမှာ လုံးခင်း တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ၁၁ ဦးမှာ မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ 

ရေမဆေးသမားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် လုံးခင်း ရဲစခန်းနှင့် ဖားကန့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူများထံ  အောက်တိုဘာလ ၁၉ ရက်နေ့က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။ 

အောက်တိုဘာလ ၈ ရက်နေ့ ညကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီပိုင် လုပ်ကွက်အတွင်း ဝင်ရောက်၍ ရေမဆေး ရှာဖွေနေသူများကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ဖားကန့်မြို့၊ သာယာကုန်းရွာအနီး အစိုးရနှင့် အကျိုးတူ လုပ်ကိုင်နေသော မြန်မာစိမ်းလဲ့အောင် ကုမ္ပဏီလုပ်ကွက်အတွင်း အမြင့် ၁၅၀ ပေခန့်ရှိ မြေစာပြိုကျသဖြင့် အသက် ၂၃ နှစ်အရွယ် ရေမဆေး ကျောက်ရှာသူ ဆောင်ဘွန်း အပါအဝင် လူနှစ်ဦးတွင် ဦးခေါင်း၊ နဖူး၊ မေးရိုး ဖူးရောင်၊ ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့၍ ဖားကန့်မြို့ ပြည်သူ့ဆေးရုံ၌ ကုသမှု ခံယူခဲ့ရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

M-01