News

POST TYPE

LATEST NEWS POST

ခရမ်းတွင် ငွေကျပ်သိန်းနှစ်ရာကျော် ဖောက်ထွင်းခိုးယူသူကို ဖမ်းမိ
19-Oct-2017 tagged as ရန်ကုန်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ခရမ်းမြို့နယ် ရေကျော်ကံကောင်း ကျေးရွာတွင် နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း နှစ်ရာကျော် ဖောက်ထွင်း ခိုးယူခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ရေကျော်ကံကောင်း ကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ နှစ် အမျိုးသားတစ်ဦးမှာ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက နေအိမ်တံခါး သော့ပိတ်၍ ပေါက်ပန်းဖြူကျေးရွာမှ ညီမဖြစ်သူ၏ အလှူပွဲသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ ၈ ရက်နေ့မှ ၎င်း၏နေအိမ်သို့ ပြန်လာခဲ့သည်။

ယင်းသို့ ပြန်ရောက်လာချိန်တွင် နေအိမ်တံခါးမှာ ပွင့်နေပြီး လူဝင်ထားသည့် ပုံစံဖြစ်နေသောကြောင့် စစ်ဆေးရာ နေအိမ်ဘုရားစင်အနီးရှိ ဗီရိုထဲ သိမ်းဆည်းထားသော ကျပ် ၂၃၆ သိန်းမှာ ပျောက်ဆုံးနေသောကြောင့် ခိုးယူသွားသူကို အရေးယူပေးပါရန် အောက်တိုဘာ ၁၁ ရက်နေ့တွင် ရဲစခန်းထံသို့ သွားရောက် အမှုဖွင့် တိုင်ကြားခဲ့သည်။

ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်ရာ ရေကျော်ကျေးရွာတွင် နေထိုင်သည့် ဝင်းထွန်း(ခ) ဖိုးဖြူသည် အလုပ်အကိုင် အတည်အကျ မရှိသော်လည်း ငွေကြေးသုံးစွဲမှု များပြားနေသောကြောင့် ၎င်းကို ခရမ်းမြို့မရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းစစ်ဆေးခဲ့ရာ ဝင်းထွန်း(ခ)ဖိုးဖြူသည် တစ်ရွာတည်းနေ ဇော်လင်းနှင့်အတူ နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး ငွေများ ခိုးယူကာ ခွဲဝေယူခဲ့ကြောင်း၊ ဇော်လင်းမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း စစိဆေးပေါ်ပေါက်ခဲ့သည်။

“ထွက်ပြေးတိမ်းရှောင်နေသူ ဇော်လင်းရဲ့အိမ်မှာ ခိုးယူထားတဲ့ ငွေအချို့ ပြန်သိမ်းဆည်းရမိခဲ့တယ်”ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိက ဆိုသည်။

ပြစ်မှုကျူးလွန်သူများကို ခရမ်းမြို့မ ရဲစခန်းက(ပ) ၁၈၅၉/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းထံမှ သိရှိရသည်။

S-03