News

POST TYPE

LATEST NEWS POST

မွန်ပြည်နယ်တွင် ယစ်မျိုးအခွန် အများဆုံးရ
မော်လမြိုင်၊ အောက်တိုဘာ ၁၈

မွန်ပြည်နယ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်တစ်ခုလုံးတွင် ကောက်ခံထားသည့် အခွန်များအနက် ယစ်မျိုးခွန်ရရှိမှုမှာ အများဆုံးဖြစ်ကြောင်း ယစ်မျိုးခွန်ကောက်ခံသည့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

“တစ်ပြည်နယ်လုံးမှာ ခွင့်ပြုလိုင်စင် ပေးထားတာ ၁၉၇၂ ခုရှိတယ်၊ အခွန်နှုန်းခကတော့ ရန်ကုန်နဲ့ ဒီမွန်ပြည်နယ်နဲ့တော့ မတူဘူးပေါ့။ ရုံးချုပ်ကနေ သတ်မှတ်ထားတယ်။ တို့ဌာနမှာ ကောက်နေတဲ့ အခွန် လေးမျိုးရှိတယ်၊ ယစ်မျိုးခွန်က အများဆုံး ရတာပဲ”ဟု မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးမြင့်က ပြောဆိုသည်။

လက်ရှိ ထွေ/အုပ်မှ ကောက်ခံလျက်ရှိသည့် အခွန် လေးမျိုးမှာ ယစ်မျိုး ခွန်၊ မြေယာအခွန်၊ တာတမံခွန်နှင့် ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်များ ပါဝင်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွက် ယစ်မျိုးခွန် လျာထားချက်မှာ စုစုပေါင်း ၇၈၇ ဒသမ ၅၅၁ သန်း လျာထားကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ယစ်မျိုးလိုင်စင်နှင့်ပတ်သက်၍လည်း လိုင်စင် တိုးချပေးတော့မည် မဟုတ်ဘဲ အချို့သော ယစ်မျိုးလိုင်စင် ရရှိထားသည့် စက်ရုံများသည် ကုန်ထုတ်လုပ်ခြင်း မရှိပါက စိစစ်မှုပြုလုပ်၍ လိုင်စင်ပြန်လည် သိမ်းယူရန် စီစဉ်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ယစ်မျိုးအခွန်ကတော့ နောင်မှာ ထပ်တိုးဖို့ မရှိတော့ဘူး။ ဒီအတိုင်းပဲ ဆက် ရှိနေတော့မယ်။ ဒါပေမဲ့ ဓာတ်သတ္တုထုတ်လုပ်တဲ့ အခွန်ကတော့ တိုးဖို့ ရှိဦးမယ်။ အခု ကျောက်ထုတ်လုပ်မှု လုပ်ငန်းတွေ တိုးလာတာရှိတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ 

မွန်ပြည်နယ်တွင် ယစ်မျိုးလိုင်စင် ၁၃ မျိုးကို ချထားပေးရာ (CS 2A) ချက် အရက်ဆိုင်လိုင်စင် (အရက်ဖြူဆိုင်) မှာ အများဆုံးဖြစ်ပြီး၊ ဒုတိယအများဆုံးမှာ FL 17 (နိုင်ငံခြားအရက်များ ဟိုတယ်နှင့် နားနေခန်း ဥပစာအတွင်း သောက်သုံးရန် ကောင်တာဖွင့်၍ လက်လီရောင်းချခွင့် လိုင်စင်) နှင့် တတိယ အများဆုံးမှာ FL 12 (နိုင်ငံခြားအရက်များကို ကုန်စုံဆိုင်တွင် လက်လီလက်ကား ရောင်းချခွင့်ရှိပြီး ဆိုင်ဥပစာအတွင်း သောက်သုံးခွင့် မရှိသည့်လိုင်စင်)တို့ဖြစ်၍ အခွန်အများဆုံး ကောက်ခံရရှိမှုမှာ ၁၇ သိန်းရှိကြောင်း ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ယစ်မျိုးလိုင်စင် ချထားပေးမှု အများဆုံးဖြစ်ကာ ယင်းကောက်ခံရရှိသည့် အခွန်များကို ပြည်နယ် အစိုးရသို့သာ ပေးသွင်းရမည် ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

R-21