News

POST TYPE

LATEST NEWS POST

ရေမြောင်းအဖုံးများ အသေပိတ်ထားသည့် ဆိုင်နှင့် အိမ်များကို အရေးယူမည်
18-Oct-2017 tagged as ပြည်

ပြည်၊ အောက်တိုဘာ ၁၈

လမ်းပခုံးထက်မြင့်ပြီး ရေမြောင်းအဖုံးများ အသေပိတ် တည်ဆောက်ထားသည့်ဆိုင်နှင့် အိမ်များကို တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ပြည်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဒုတိယ ညွှန်ကြားရေးမှူး သူရဦးမြင့်သူက ပြောကြားသည်။

ယင်းသို့ပြုလုပ်ထားမှုကြောင့် လမ်းပျက်စီးခြင်း၊ မိုးရွာလျှင် ရေတင်ကျန်ခြင်းတို့ကြောင့် ဖျက်ပေးရန် အသိပေးထားပြီး မဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း ၎င်းထံမှ စုံစမ်းသိရှိရသည်။

“လမ်းပျက်စီးမှုများလာရင်၊ လမ်းပခုံးထက်မြင့်လာရင် ပထမဖျက်ပေးဖို့ အကြောင်းကြားမယ်။ မရရင်တော့ အရေးယူမယ်”ဟု သူရ ဦးမြင့်သူက ပြောဆိုသည်။

ပြည်မြို့အတွင်း မိုးရာသီ မိုးရွာပြီး နောက်ရေဝပ်ရခြင်းမှာ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်နေခြင်း၊ အထူးသဖြင့် ပြည်မြို့လယ် လမ်းမတော်တစ်လျှောက်တွင် ယင်းသို့ ပြုလုပ်ထားမှုကြောင့် ရေတင်ကျန်မှု ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မြောင်းအဖုံးတွေက ဘယ်သူ လုပ်ထားမှန်းလည်း သိတာမဟုတ်ဘူး။ ကိုယ်လုပ်ထားတာလည်း မဟုတ်ဘူး။ အစကတည်းက သူတို့ဘာသာသူတို့ လုပ်ထားတာ စွဲလည်း စွဲပေါ့”ဟု လမ်းမတော်လမ်းတွင် စာအုပ်ဆိုင်ဖွင့်ထားသူ တစ်ဦးက ဆိုသည်။

ပြည်မြို့ လမ်းမတော်လမ်း၊ လမ်းရှည်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ရပ်ကွက်အချို့ရှိ ရေဆိုးမြောင်းများပေါ်တွင် ဆိုင်ခန်းများနှင့် အိမ်များမှာ မြောင်းဖုံး အသေပိတ်ကာ ကွန်ကရစ်လောင်းပြီး တည်ခင်းရောင်းချနေခြင်းနှင့် ကားအဝင် အထွက် ပြုလုပ်ထားခြင်းတို့ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“အဓိက ရေလျှံတာက ရေမြောင်းတွေ မစီးဆင်းလို့ ရေမြောင်းအဖုံးတွေ အသေပိတ်ထားတော့ မြောင်းဆယ်တဲ့အခါမှာလည်း ကြန့်ကြာတယ်။ စည်ပင်မြောင်းဆိုတာ အရှင် လုပ်ထားရမှာလေ။  အခုလို ဖယ်ခိုင်းမယ် အရေးယူမယ်ဆိုရင် ကြိုဆိုရမှာပေါ့။ ဒါပေမဲ့ on paper လိုမျိုး မဖြစ်ဘဲ လက်တွေ့လုပ်ဖို့လိုတယ်”ဟု  ပြည်ဒေသခံ ဦးကောင်းမြတ်မင်းက ပြောဆိုသည်။

M-06