News

POST TYPE

LATEST NEWS POST

ရက်ပိုင်းအတွင်း ပဲမျိုးစုံတန်ချိန် သောင်းနှင့်ချီ လာရောင်း
18-Oct-2017 tagged as ပဲ

ရန်ကုန်၊ အောက်တိုဘာ ၁၈

ပဲဈေးများ ဆက်တိုက်ကျနေခြင်း ကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုနသည်များအသင်းက ဝယ်ယူပေးနေသည့် သတ်မှတ်ဈေးနှုန်းများအတိုင်း ပဲလာရောက် ရောင်းချမှုသည် ရက်ပိုင်းအတွင်း ပဲမျိုးစုံတန်ချိန် တစ်သောင်း သုံးထောင်ကျော်ရှိကြောင်း ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ဝယ်ယူတင်ပို့ရောင်းချရေးအဖွဲ့ စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။ 

အောက်တိုဘာလ ၁၂ ရက်နေ့က ပဲစင်းငုံတန်ချိန် ၃၆၀ သာ လာရောက်ရောင်းချသော်လည်း အောက်တိုဘာလ ၁၈ နေ့အထိ ပဲစင်းငုံကို တန်ချိန် တစ်သောင်းကျော်နှင့် မတ်ပဲကို တန်ချိန်သုံးထောင်ကျော် ဝယ်ယူပြီးဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“အခုနောက်ပိုင်းတော့ ဈေးကျလာလို့ ရောင်းတဲ့လူ တော်တော်များလာတယ်”ဟု ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ဝယ်ယူတင်ပို့ရောင်းချရေးအဖွဲ့ စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ခံ တစ်ဦးက ပြောဆိုသည်။

ထိုကော်မတီက ဝယ်ယူပေးရာတွင် ပဲနှမ်းအသင်း၏ သတ်မှတ်ချက်ဖြစ်သည့် ပဲစင်းငုံတန်ချိန် တစ်သောင်းကို ကျော်လွန်နေပြီဖြစ်သော်လည်း ဆက်လက် ဝယ်ယူပေးနေပြီး ထပ်မံ ဝယ်ယူပေးနိုင်ခြင်း ရှိ မရှိကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် အောက်တိုဘာလ ၁၉ ရက်နေ့၌ ပဲနှမ်းအသင်းက သွားရောက် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိပဲကုန်သည်များထံမှ ပဲ ဝယ်ယူပေးနေမှုသည် ပဲနှမ်းအသင်း၏ ရန်ပုံငွေ ဖြစ်သည့် ကျပ် ၅၀ ဘီလီယံဖြင့် ဝယ်ယူပေးနေခြင်းဖြစ်ပြီး အစိုးရဘက်က ကျပ် ၅၀ ဘီလီယံမှာ ရရှိခြင်း မရှိသေးကြောင်း ယင်းအသင်းထံမှ သိရသည်။

ပဲစင်းငုံကို တစ်တန် ကျပ်လေးသိန်းဖြင့် တန်တစ်သောင်းနှင့် မတ်ပဲကို တစ်တန်လျှင် ကျပ်ငါးသိန်းဖြင့် တန်နှစ်သောင်းထိ ဝယ်ယူပေးမည်ဖြစ်ပြီး ကုန်သည်တစ်ဦးလျှင် စာချုပ်တစ်စောင် တန် ၅၀ မှ ၃၆၀ အထိ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ် (သို့မဟုတ်) ကုမ္ပဏီတစ်ခုလျှင် စာချုပ် ချုပ်ဆိုပြီး ပစ္စည်းများ အားလုံး ပေးပို့ပြီးမှသာ စာချုပ် ထပ်မံချုပ်ဆိုခွင့်ပြုမည် ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ပဲဈေးနှုန်းများသည် တစ်ပတ်အတွင်း ပဲစင်းငုံတစ်တန်လျှင် ကျပ် ၃၈,ဝ၀ဝ ကျော်နှင့် မတ်ပဲတစ်တန်လျှင် ကျပ် ၄၇,ဝ၀ဝ ခန့်ကျဆင်းပြီး လက်ရှိပဲစင်းငုံ တစ်တန်လျှင် ကျပ် ၃၄၀,ဝ၀ဝ၊ မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၄၅၃,ဝ၀ဝ နှင့် မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၀၂,ဝ၀ဝ ဈေးရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04