News

POST TYPE

LATEST NEWS POST

ရဲမှူးကြီး ၉ ဦးကို ပြောင်းရွှေ့ တာဝန်ပေးအပ်၊ ဒုရဲမှူးကြီး လေးဦး ရာထူးတိုး
18-Oct-2017 tagged as

ရန်ကုန်၊ အောက်တိုဘာ ၁၈

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နေပြည်တော် ရဲမှူးကြီး အပါအဝင် ရဲမှူးကြီး ၉ ဦးကို သက်ဆိုင်ရာဌာနအလိုက် ပြောင်းရွှေ့တာဝန်များ ပေးအပ်ခဲ့ပြီး ဒုရဲမှူးကြီးလေးဦးကို ရဲမှူးကြီး ရာထူး အဆင့် ယာယီ တိုးမြှင့်ခန့်အပ်လိုက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။ 

လက်နက်ခဲယမ်းများ ဖမ်းမိသည့် ဟိုတယ် ACE အမှုကိစ္စနှင့် ပတ်သက်၍ မီဒီယာထံ ဖြေကြားပေးနေသော နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်၏နေရာတွင် ရဲလေ့ကျင့်ရေး ဌာနကြီး ဒုတိယ ရဲလေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးကြီး ထက်လွင်ကို ပြောင်းရွှေ့ ခန့်အပ်လိုက်ပြီး နေပြည်တော် ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ယာယီ ရဲမှူးကြီး ရွှေသောင်း၏နေရာတွင် အမှတ် (၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးကြီး စိုးလင်းအောင်ကို ပြောင်းရွှေ့ ခန့်အပ်ခဲ့သည်။ 

ရဲမှူးကြီး ဇော်ခင်အောင်မှာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ ယာယီ ရဲမှူးကြီး ရွှေသောင်းမှာ မှုခင်းဌာန၊ ရဲဦးစီးဌာနကြီး ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန် ပေးအပ်ခံရသည်။ 

“ဒီအပြောင်းအရွှေ့က အခြားကိစ္စတွေနဲ့ မဆိုင်ပါဘူး။ အစောကတည်းက ပြောင်းရွှေ့ဖို့ လုပ်ထားတာ အခုမှ အမိန့်စာ ထွက်လာတာ”ဟု နေပြည်တော်ရဲတပ်ဖွဲ့ မှူးရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။ 

အားကစားဝန်ကြီးဟောင်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါများထံမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိသည့်ကိစ္စနှင့် ပတ်သက်၍ မီဒီယာများကို ဖြေကြားခဲ့မှုနှင့် ယခု အပြောင်းအရွှေ့မှာ သက်ဆိုင်မှု မရှိကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။

“စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရဲမှူးကြီး လူလူသန်းကို ရဲအရာရှိ အတတ်သင်ကျောင်း ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ မှုခင်းဌာန၊ ရဲဦးစီးဌာနကြီး ညွှန်ကြားရေးမှူး ရဲမှူးကြီး လေးစိုးကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ ရဲအရာရှိ အတင်သင်ကျောင်းအုပ်ကြီး ရဲမှူးကြီး မင်းအောင်ကို ရဲလေ့ကျင့်ရေးဌာန ဒုတိယ ရဲလေ့ကျင့်ရေး အရာရှိချုပ်အဖြစ်လည်းကောင်း ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။

အမှတ် (၁၂) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး သန်းဝင်းကို အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ခွဲ ဒုတိယ ကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ အမှတ်(၁၀) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲနှင့် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး ဇော်မင်းဦးကို ရဲဦးစီးဌာနကြီး ညွှန်ကြားရေးမှူး (ထောက်လှမ်း)အဖြစ်လည်းကောင်း ပြောင်းရွှေ့ ခန့်အပ်ခဲ့သည်။ ရဲမှူးကြီးရာထူးအဆင့် ယာယီ တိုးမြှင့်ခံရသူများမှာ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးမှ ဌာနခွဲမှူး ဒုတိယရဲမှူးကြီး ခင်မောင်သော်၊ မန္တလေး တိုင်းဒေသကြီး ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ဝင်းချွန်၊ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ ဦးစီးအရာရှိ ဒုတိယရဲမှူးကြီး စိုးမြင့်ဦးနှင့် သတင်းရဲတပ်ဖွဲ့ အမှတ်(၃) တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီးဆန်းကိုတို့ ဖြစ်သည်။ ယာယီ ရာထူးတိုးမြှင့်ခံရသည့် ရဲမှူးကြီး ခင်မောင်သော်ကို အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး၊ ရဲမှူးကြီး ဝင်းချွန်မှာ အမှတ် (၁၂) လုံခြုံရေးကွပ်ကဲမှုအဖွဲ့ခွဲမှူး၊ ရဲမှူးကြီး စိုးမြင့်ဦးမှာ အမှတ်(၁၀) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးနှင့် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး၊ ရဲမှူးကြီး ဆန်းကိုမှာ မန္တလေး တိုင်းလေကြောင်း ရဲတပ်ဖွဲ့ ကွပ်ကဲမှုအဖွဲ့ခွဲမှူးတို့အဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခဲ့သည်။ 

ယင်းအပြင် နေပြည်တော်ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ ခွဲမှူး ဒုတိယရဲမှူးကြီး ဝင်းသိန်းမှာ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့သို့ ဦးစီးအရာရှိ (ပထမတန်း) အဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သတင်း ရဲတပ်ဖွဲ့မှ ရဲမှူး သက်လွင်အောင်ကို ဒုတိယရဲမှူးကြီး ရာထူးအဆင့် ယာယီတိုးမြှင့်၍ အမှတ်(၃) တပ်ဖွဲ့ခွဲမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခဲ့သည်။

ယခုလဆန်းပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထိပ်ပိုင်းအဆင့် ရဲမှူးချုပ်များကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး လက်ရှိ ရဲချုပ် အောင်ဝင်းဦး၏ ယခင် တာဝန်ထမ်းဆောင်ခဲ့သော ဒုရဲချုပ်နေရာတွင် အစားထိုး ခန့်အပ်ထားခြင်း လတ်တလော မရှိသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03

  • TAGS