News

POST TYPE

LATEST NEWS POST

ဖြိုးကိုကိုတင့်ဆန်းကို ချုပ်ရမန်ယူ၊ အမှုကွင်းဆက်မှ ၁၂ ဦးကို ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၇

လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည့် အားကစား ဝန်ကြီးဟောင်း၏သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းအား လယ်ဝေးမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၁၆ ရက်နေ့က ချုပ်ရမန် ယူထားပြီး ယင်းအမှု ကွင်းဆက်မှ ၎င်းအပါအဝင် ၁၂ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားသည်။

“နေပြည်တော်မှာ ၁၁ ယောက်၊ ရန်ကုန်မှာ တစ်ယောက်၊ ပေါင်း ၁၂ ယောက်ပေါ့။ လက်ရှိ စစ်ဆေးနေတယ်။ သေနတ် ရှစ်လက် ထပ်မိတာလည်း နေပြည်တော်မှာ မိတာပါ”ဟု ၎င်းက ဆိုသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် အမှုကွင်းဆက်မှ ဖမ်းဆီးထားသူ အချို့ကို နေပြည်တော် အေလာနယ်မြေ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/ ၂၁/ ၂၂(ခ)၊ ဒက္ခိဏမြို့မ ရဲစခန်းတွင် လက်နက်ပုဒ်မ ၁၉(စ)၊ သာကေတမြို့မ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၅/ ၁၆(ဂ)/ ၂၁/ ၂၂(ခ)၊ ဗဟန်းမြို့မ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၆(ဂ) တို့ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းနှင့် နိုင်ငံတော်လုံခြုံရေး တာဝန်ယူရသည့် အဖွဲ့အစည်းများ ဝတ်စုံပုံစံ ဝတ်ဆင်ထားသော ရဲမင်းဆွေ၊ ဇော်ဝင်းထိုက်တို့ထံမှ သေနတ်၊ ကျည်ဆန်နှင့် မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့ပြီးနောက် ဖြိုးကိုကိုတင့်ဆန်း၏ မူးယစ်တရားခံပြေးဖြစ်သူ ယာဉ်မောင်းသီဟကို ထပ်မံ ဖမ်းမိခဲ့သည်။

ယင်းနောက် နေပြည်တော် ACE ဟိုတယ်နှင့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ACE ကုမ္ပဏီ၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်းရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်တို့ကို ဝင်ရောက် စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများနှင့် National Security Council (အမျိုးသား လုံခြုံ ရေးကောင်စီ) စာတန်းပါ မော်တော်ယာဉ်များ၊ National Security Agency(NSA) စာတန်းပါ တံဆိပ်ပြား၊ အင်္ကျီနှင့် စတစ်ကာများ အပါအဝင် တိုက်ခိုက်ရေးတွင် အသုံးပြုသည့် ပစ္စည်းများကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဆက်လက်ပြီး အမှုကို ဖော်ထုတ်သိမ်းဆည်းလျက် ရှိပါတယ်။ ပထမနေ့မှာ ၁၃ လက် သိမ်းဆည်းရမိတယ်။ ဒီကနေ့တော့ လက်နက် ၈ လက် ထပ်မိတယ်။ ဒီကနေ့အထိ တရားခံ ၁၂ ယောက် ဖမ်းဆီးထားပြီး ကွင်းဆက် တရားခံတွေလည်း ဆက်လက် ဖော်ထုတ်နေပါတယ်။ ရရှိတဲ့ အခြေအနေ အားလုံးလည်း ဆက်လက်ပြီး သတင်း ထုတ်ပြန်ပေးပါမယ်”ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

ယင်းသို့ စိစစ်ဖော်ထုတ်ရာတွင် ကွင်းဆက် တရားခံများနှင့် လက်နက်များ ထပ်မံ ဖမ်းမိနိုင်ရန် အဓိကထား ဆောင်ရွက်နေကြောင်း၊ ယင်းအမှုပေါ် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နေပြီး နိုင်ငံတော် ပြည်ထောင်စု အစိုးရထံသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်အောင်စိုးက မီဒီယာများထံ ဖြေကြားခဲ့သည်။

“စိစစ်ချက်တွေ အကုန် လုပ်နေတာပါ။ ကားကိစ္စ တစ်ခုတည်းတင် မဟုတ်ပါဘူး။ ကျန်ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အားလုံးကိုပါ စိစစ်နေတာပါ။ ပေါင်းစပ်ရမယ့် ဌာန အားလုံးနဲ့လည်း ကျွန်တော်တို့ ပေါင်းစပ် ဆောင်ရွက်နေပါတယ်။ အဓိကကတော့ ကျန်ရှိနေတဲ့ လက်နက်တွေနဲ့ ကွင်းဆက် တရားခံတွေ အားလုံးကို အမြန်ဆုံး ဖမ်းဆီးရမိဖို့၊ သိမ်းဆည်းရမိဖို့ ဒါက အရေးကြီးတဲ့အတွက် ဒါကို ကျွန်တော်တို့ ဦးစားပေး လုပ်နေပါတယ်”ဟု ဗိုလ်ချုပ်အောင်စိုးက ဆက်လက် ပြောကြားခဲ့သည်။

မူးယစ်မှု၊ လက်နက်မှုများဖြင့် အမှုဖွင့် အရေးယူထားသည့် ဖြိုးကိုကိုတင့်ဆန်းကို လာမည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် လယ်ဝေးမြို့နယ် တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးထံမှ သိရသည်။

အဆိုပါ အမှုကွင်းဆက်မှ ဖမ်းဆီး စစ်ဆေးနေသူများမှာ နေပြည်တော် လေဆိပ်တွင် ဖမ်းမိခဲ့သည့် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးနှင့် မူးယစ်တရားခံပြေးဖြစ်သူ ၎င်း၏ ယာဉ်မောင်း သီဟ၊ နေပြည်တော် ACE ဟိုတယ်မှ ဝန်ထမ်းနှစ်ဦးနှင့် အမြန်လမ်း ၁၁၅ မိုင်တွင် ဖမ်းဆီးခဲ့သည့် ACE အထွေထွေမန်နေဂျာ ဂျိုးဇက်(ခ) စယောသ အပါအဝင် ငါးဦး၊ သာကေတမြို့နယ်ရှိ ACE ကုမ္ပဏီမန်နေဂျာ ဖြိုးဘိုဘိုတို့ဖြစ်သည်။

S-01, S-03