News

POST TYPE

LATEST NEWS POST

ငြိမ်းချမ်းရေးနှင့် ရခိုင်ပြဿနာ ဖြေရှင်းရန် အခြေခံဥပဒေတွင် အဖြေရှိမည်မဟုတ်ဟု KNU ဆို
17-Oct-2017 tagged as NCA KNU

နေပြည်တော်၊ အောက်တိုဘာ ၁၅

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် ၂၀ဝ၈ ဖွဲ့စည်းပုံ ဥပဒေဘောင်အတွင်း အဖြေရှိမည် မဟုတ်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းဖြင့် သဟဇာတရှိသည့် လူ့ဘောင်သစ်ကို ဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်လိုက်သည်။

ယနေ့ (အောက်တိုဘာ ၁၅ ရက်) ကျင်းပသော တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  လက်မှတ်ရေးထိုးခြင်း(၂)နှစ်ပြည့် အခမ်းအနားတွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက အမှာစကား ပြောကြားပြီးနောက် ၎င်းတို့က အထက်ပါအတိုင်း ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

NCA အကောင်အထည်ဖော်ရာတွင် အစိုးရ၊ တပ်မတော်နှင့် KNU တို့ ကြား မူဝါဒ ကွာခြားမှုများကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းတို့အနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် ဆက်လက် နည်းလမ်းရှာ ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်ပွားနေသော ပဋိပက္ခကို ကိုင်တွယ်သည့် အစိုးရနှင့် တပ်မတော်၏ နည်းစနစ်များသည် KNU နှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသည့် ၂၀၁၂ ခုနှစ် မတိုင်မီအထိ တွေ့ကြုံရသည့် ဖြတ်လေးဖြတ် စီမံချက် စစ်ဆင်ရေးများကြောင့် ဒေသစွန့်ခွာ ထွက်ပြေးခဲ့ရသည့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂ သိန်းကျော်နှင့် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွင် ခိုလှုံရသည့် ဒုက္ခသည် ၁ သိန်းခွဲတို့အား ပြန်လည် အမှတ်ရစေကြောင်း လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နေစဉ် ယင်းကဲ့သို့ ကြုံတွေ့ရမှုကို လွန်စွာ စိတ်မကောင်းဖြစ်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် စိုးရိမ်မှု ဖြစ်ပေါ်စေကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယင်းကြောင့် အစိုးရနှင့် တပ်မတော် အကြီးအကဲများအနေနှင့် ထိုပြဿနာများကို ကိုင်တွယ်ရာတွင် နိုင်ငံရေးအရ သိက္ခာရှိပြီး အကြမ်းမဖက်သည့် နည်းလမ်းများ အသုံးပြုခြင်းဖြင့် ဖြေရှင်းရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ယင်းအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်အောင်မြင်ရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြထမ်းခွင့် ရရှိရေးဆိုင်ရာ မူဝါဒကို အစိုးရနှင့် တပ်မတော်တို့ မှ ဖြေလျှော့မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းတို့က သုံးသပ်ချက် ထည့်သွင်း ရေးသားထားသည်။

NCA (၂) နှစ်ပြည့် အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျွန်တော်တို့တစ်တွေ အနေနဲ့လည်း NCA စာချုပ်ပါ လုပ်သင့် လုပ်ထိုက်တဲ့၊ လုပ်နိုင်တာတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းမှုရဲ့ ရလဒ်များ၊ ငြိမ်းချမ်းရေး အသီးအပွင့်များကို ရယူခံစားနိုင်ကြဖို့ လိုအပ်ကြောင်းနဲ့ တပ်မတော် အနေဖြင့်လည်း စိတ်ရော ကိုယ်ပါ ပါဝင်ဆောင်ရွက်ဖို့ အဆင်သင့် ရှိပါကြောင်း ပြောကြားလိုပါတယ်”ဟု ဆိုသည်။

ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်ဖြစ်သော လက်နက်စွဲကိုင်၍ လိုရာတောင်းဆိုမှုမျိုးကို စွန့်လွှတ်ပြီး နိုင်ငံရေး နည်းလမ်းများဖြင့်သာ ဖြေရှင်း ဆောင်ရွက်သွားရမှာ ဖြစ်သောကြောင့် ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းတွင် တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် မလွဲမသွေ လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေး ခြေလှမ်းကို တုံ့ဆိုင်းမနေဘဲ စတင် ပါဝင် လျှောက်လှမ်းရန် တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“NCA စာချုပ်ဟာ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက အကျဆုံး အခြေခံ လုပ်ဆောင်ရမယ့် အချက်ဖြစ်လို့” နံပါတ်နှစ်အနေနဲ့ “ဒီအခြေခံအချက်ကို မဖော်ဆောင်ဘဲ၊ တစ်နည်းအားဖြင့် သေနတ်သံ မတိတ်ဘဲ ကျွန်တော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှန်သမျှဟာ စိတ်မချရဘဲ လက်နက်ကိုင် လမ်းစဉ်ကိုသာ ပြန်လည် ဦးတည်သွားနိုင်လို့”၊ နံပါတ် သုံးအနေနဲ့ NCA စာချုပ်ပါသဘော တူညီချက်တွေဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားတာ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ကနဦး အဆိုပြုချက်တွေအပေါ်မှာ အခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ဆွေးနွေးညှိနှိုင်း သဘောတူ ရေးဆွဲထားတဲ့ စာချုပ်ဖြစ်လို့ပဲ ဖြစ်ပါတယ်”ဟု တပ်ချုပ်က ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှု မရှိသောကြောင့် လက်မှတ်ထိုးစရာ မလိုဟု ပြောဆိုနေသော အဖွဲ့အချို့ ရှိနေသောကြောင့် အနှစ်သာရအားဖြင့်မူ ပိုမိုကျယ်ပြန့်သော NCA ကို လက်မှတ်ထိုးရန် အခိုင်အမာ ပြောကြားလိုကြောင်း ၎င်းက ပြောသည်။

“ဒီစာချုပ်မှာပါတဲ့ ကိစ္စတွေဟာ တိုင်းရင်းသား ပြည်သူလူထုရဲ့ အခွင့်အရေးကို ကန့်သတ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ပိတ်ပင်ထားတာ တစ်ခုမှမပါပါဘူး။ အခွင့်အရေးကို ပေးနိုင်သမျှ ပေးထားတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါကိုဆက်လက်ပြီး မသိကျိုးကျွန် ပြုနေရင် ပြည်သူလိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး “သူတစ်လူ၊ ငါတစ်မင်း”စနစ်ကို တည်ထောင်လိုခြင်းနှင့် ပြည်ထောင်စုနဲ့ ပြည်သူလူထု အကျိုးကို မျက်ကွယ်ပြုလိုခြင်းလို့ ယူဆရမှာ ဖြစ်ပါတယ်”ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။

NCA မှတစ်ဆင့် ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၈ ခုနှစ်အတွင်း ၂ ကြိမ် ကျင်းပရန် စီစဉ်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

S-01