News

POST TYPE

LATEST NEWS POST

ဦးဖြိုးကိုကိုတင့်ဆန်း ကို ရန်ကုန်တိုင်း လွှတ်တော်ရုံးရှိ စစ်ကြောရေးအခန်းတွင် ဆက်လက်စစ်ဆေး

ရန်ကုန်၊ အောက်တိုဘာ ၁၆

လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းတစ်ခု၏ အမည်နာမဖြင့် တည်ထောင်ရန် ကြံစည်နေသော ဝန်ကြီးဟောင်း၏ သားဖြစ်သူ ACE ကုမ္ပဏီပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးကို ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်ရုံးဝန်းရှိ စစ်ကြောရေးအခန်းတွင် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

National Security Council(NSC) ၊ National Security Agency စာတမ်းများပါ တံဆိပ်ပြား၊ စတေကာနှင့် အင်္ကျီများအပြင် လက်နက်ခဲယမ်းများကို ဖမ်းမိခဲ့သည့် ဦးဖြိုးကိုကိုတင့်ဆန်းမှာ လုံခြုံရေး ကုမ္ပဏီ တည်ထောင်ရန် ၎င်း၏သဘောဆန္ဒအရ လိုဂိုဒီဇိုင်းများကို ရေးဆွဲ၍ တရားမဝင် အသုံးပြုခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

နေပြည်တော် လေဆိပ်တွင် သေနတ် ၂ လက် ကျည်ဆံအချို့နှင့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့သည့် ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးကို ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းခဲ့ရာ ဒက္ခိဏသီရိမြို့နယ်ရှိ ၎င်းပိုင် ACE ဟိုတယ်ထဲမှ သေနတ် ၇ လက်နှင့် ကျည်အမြောက်အများ အပါအဝင် စနိုက်ပါ မှန်ပြောင်းနှင့် လူထုအထင် လွဲမှားစေမည့် တံဆိပ်များပါ အင်္ကျီများကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် ရန်ကုန်၊ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းရှိ ၎င်းပိုင်သည့် ရှစ်ထပ်တိုက် ACE ကုမ္ပဏီကို ထပ်မံ စစ်ဆေးခဲ့ရာ ဦးဖြိုးကိုကိုတင့်ဆန်း၏ ခြောက်လွှာထပ်ရှိ အိပ်ခန်းတွင် M-16 နှင့် M-4 A1 ကာဘိုင် သေနတ်နှစ်လက်ကို သိမ်းဆည်းရမိခဲ့ပြီး ခုနှစ်လွှာရှိ အခန်းထဲမှ WY ဆေးပြား ခြောက်ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ယင်းအပြင် ကွန်ပျူတာပစ္စည်းနှင့် စကားပြောစက်များ၊ ဒရုန်းများနှင့် ၉ မမ ကျည် နှစ်တောင့်၊ SWAT တံဆိပ်ပါ ကျည်ကာအင်္ကျီ ၁၂ ထည်၊ NSC တံဆိပ်ပါ ကျည်ကာအင်္ကျီ ၂ ထည်၊ တံဆိပ်မပါ အင်္ကျီ တစ်ထည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မနက်ဖန် သူပိုင်တဲ့ ကားတွေ ထပ်စစ်ဆေးမယ်။ ဒီအမှုမှာ နောက်ကွယ်က ကွင်းဆက်တွေ ထပ်ဖမ်းနိုင်ဖို့ အရေးကြီးတယ်၊ ဒါကြောင့် သတင်းကို ချက်ချင်း မထုတ်ပြန်ပေးဖို့ အထက်က ညွှန်ကြားထားတာ။”ဟု အမည်မဖော်လိုသည့် ရဲအရာရှိက ဆိုသည်။

လက်တလောတွင် ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းရှိ ACE ကုမ္ပဏီရုံးကို ယနေ (အောက်တိုဘာလ ၁၆ ရက်) ည ၈ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင်များက Police Line တား၍ ချိတ်ပိတ်ခဲ့သည်။

S-03