News

POST TYPE

LATEST NEWS POST

Silk Air လေကြောင်းလိုင်း စင်ကာပူ- ရန်ကုန်-မန္တလေးခရီးစဉ် ပြေးဆွဲမည်
ရန်ကုန်၊ အောက်တိုဘာ ၁၆

စင်ကာပူအခြေစိုက် Silk Air လေကြောင်းလိုင်းသည် စင်ကာပူ-ရန်ကုန်- မန္တလေးခရီးစဉ်ကို Own Stop Over Right အစီအစဉ်ဖြင့် အောက်တိုဘာလ ၃၁ ရက်မှ စတင် ပြေးဆွဲမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအစီအစဉ်သည် Silk Air လက်မှတ်တစ်ခုတည်းဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များကို ယင်းလေကြောင်းလိုင်းဖြင့်ပင် ခရီးသည်များ စီးနင်းလိုက်ပါခွင့် ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပြည်တွင်းခရီးစဉ် ပြေးတယ်ဆိုတာ သူတို့ကို ပေးထားတဲ့ Own Stop Over Right နဲ့ ပြေးတာပါ။ သူတို့ သယ်လာတဲ့သူက ရန်ကုန်မှ ဆင်းပြီးနေလို့ရတယ်။ မနေတဲ့သူကို မန္တလေးထိ လိုက်လို့ရတယ်။ ဒီနေ့ သယ်လာတဲ့သူကို သူတို့လေကြောင်းလိုင်းနဲ့ ပြန်ခေါ်မယ်”ဟု ၎င်းက ဆိုသည်။

စင်ကာပူဝန်ကြီးချုပ်၏ ၂၀၁၆ ခုနှစ် ခရီးစဉ်အပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံစဉ် တောင်းဆိုခဲ့ခြင်းကြောင့် စဆွဲသည့်ရက်မှ ခြောက်လကြာအထိ စမ်းသပ် ပြေးဆွဲခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ လေကြောင်းလိုင်းအနေနှင့် စင်ကာပူ-ရန်ကုန်ခရီးစဉ်၊ စင်ကာပူ-မန္တလေး ခရီးစဉ်များကို ပျံသန်း ပြေးဆွဲနိုင်သော်လည်း တစ်ဆက်စပ်တည်း ပြေးဆွဲခွင့်ပေးလိုက်ခြင်းကြောင့် ပြည်တွင်း လေကြောင်းလိုင်းများအတွက် အခက်အခဲ ရှိလာနိုင်ကြောင်း လေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။ 

“ITIA က သတ်မှတ်ထားတာတွေ ရှိတယ် Traffic Right တွေရှိတယ်။ အမေရိကန်တောင် အင်တာနေရှင်နယ် လေကြောင်းလိုင်းတွေကို ဆန်ဖရန်စ္စကိုကနေ နယူးယောက်ကို ပေးမပျံဘူး။ သူရဲ့ ပြည်တွင်း အဲလိုင်းတွေကို ကာဗာလုပ်ပေးတဲ့အနေနဲ့ပေါ့။ ရန်ကုန်-မန္တလေးက ကျွန်တော်တို့ရဲ့ ပြည်တွင်း ခရီးစဉ်လေ။ ပြည်တွင်း လေကြောင်းလိုင်းတွေအတွက် ဘောင်ကျဉ်းသွားပြီလေ။ နဂိုတည်းက ဈေးကွက်မရှိလို့ ဒုက္ခရောက်နေကြရတဲ့ အခြေအနေလေ။ အစိုးရက ဒါတွေကို ထိန်းချုပ်မှသာ ကျွန်တော်တို့ရဲ့ လေကြောင်းလိုင်းတွေက အလုပ်ဖြစ်မှာ။ Traffic Right ကန့်ပေးရမယ်”ဟု ၎င်းက ဆိုသည်။

.အဆိုပါလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို တစ်ပတ်လျှင် အကြိမ် ၆၀ ပျံသန်း ပြေးဆွဲလျက်ရှိသည်။ 

“ရန်ကုန်-မန္တလေး ပြည်တွင်း ဝင်ဆွဲခွင့်ပေးထားတာ မဟုတ်တဲ့အတွက် ထိခိုက်မှာတော့ မဟုတ်ဘူး။ တစ်ခုရှိတာက စင်ကာပူကနေ မန္တလေးသွားချင်တဲ့ ခရီးသည်တွေက ရန်ကုန်မဝင်ဘဲ မန္တလေးဆိုပြီး ဝယ်တဲ့သူတွေ ရှိလာနိုင်တာပေါ့။ သူတို့ အဲဒီလို ဆွဲလိုက်လို့လည်း သိသိသာသာ ထိခိုက်မှု မရှိဘူးလို့ ထင်တယ်။ ရန်ကုန် ဈေးကွက်ကိုဝင်ပြီး ရန်ကုန်-မန္တလေး ဝင်ဆွဲတာ မဟုတ်လို့ပါ”ဟု အဲကမ္ဘောဇ လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စင်ကာပူနိုင်ငံက ဗီဇာကင်းလွတ် ခွင့်ပြုခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာနောက်ပိုင်းမှစ၍ စင်ကာပူသို့ မြန်မာနိုင်ငံသား ခရီးသွားများ ဝင်ရောက်မှု တိုးတက်ခဲ့သည်။ 

၂၀၁၇ ခုနှစ် ပထမ ခြောက်လအထိ မြန်မာခရီးသွား ၇၆၀ဝ၀ အထိ ဝင်ရောက်ခဲ့ပြီး ပြီးခဲ့သည့် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စင်ကာပူ တိုရစ်ဇင်ဘုတ်စာရင်းအရ သိရသည်။